စိတ်မချမ်းမြေ့စရာတွေကြားက စိတ်ချမ်းသာစရာများ

စိတ်မချမ်းမြေ့စရာတွေကြားက စိတ်ချမ်းသာစရာများ

မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်၊ အလယ်ပိုင်းပါမကျန် တစ်နိုင်ငံလုံး မိုးကြီး သဖြင့် ရေလွှမ်းမိုးမှုဒဏ် ခံနေကြရသည်ကို သတင်းမီဒီယာများမှတစ်ဆင့်၊ လူမှုကွန်ရက်များမှ တစ်ဆင့် စိတ်မချမ်းမြေ့စရာ ကြားသိမြင်တွေ့ နေကြရပါသည်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် စသည်တို့တွင် ရေကြီး ရေလျှံ ရေလွှမ်းမိုးနေသည်မှာ တံတားများ ကျိုးပျက်၊ အိမ်များ ရေမြုပ်၊ ပြိုကျ သည်ထိ ဖြစ်၍ လူပေါင်း သိန်းဂဏန်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်လောက်အောင် ထိခိုက်သည့်ပြင် လူ အသေအပျောက်လည်း ရှိခဲ့ပါသည်။

ကျန်ဒေသအချို့၌ ဆိုခဲ့သောနေရာများကဲ့သို့ မဆိုးရွားသည့်တိုင် ရေလွှမ်းမိုးမှုဒဏ်ကြောင့် အစားအစာနှင့် သောက်သုံးရေပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေကြရပါသည်။

ဆိုးဆိုးရွားရွား ရေလွှမ်းမိုးဒဏ်ခံရသည့် ပြည်နယ်/တိုင်းဒေသကြီးတို့ရှိ မြို့နယ်၊ ကျေးရွာတို့မှာ အစားအစာနှင့် ရေသန့်အပြင် အဝတ်အထည်များ၊ ဆေးဝါးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အထူး တလည် လိုအပ်လာပါသည်။

လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲသဖြင့် လှေ၊ စက်လှေတို့ဖြင့် သွားမှသာ၊ သို့တည်း မဟုတ် ရဟတ်ယာဉ်ဖြင့် သွားမှသာ ခရီးပေါက်နိုင်တော့မည့် အနေအထားမျိုး ရောက်လာသည်။ ဖုန်းဆက်သွယ်ရေးများလည်း အလားတူ ခက်ခဲလာပါသည်။

အခြေအနေများ သို့နှယ် ဆိုးဝါးနေချိန်တွင် စေတနာရှင်ပြည်သူများ၏ စေတနာ၊ သဒ္ဓါတရား များ အထူးတလည် ရင့်သန်မြင့်မားလာကာ အနည်းနည်း အဖုံဖုံဖြင့် ငွေကြေး၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်များကို နီးရာနီးရာ သင့်ရာသင့်ရာ စုဆောင်းကြ၍ လှူဒါန်းမှုများပြုလာကြပါသည်။ လှူဒါန်းကြရသည်မှာ လွယ်လင့်တကူ မဟုတ်ဘဲ အခက်အခဲပေါင်းများစွာ ကျော်လွှားဖြတ်သန်းလျက် လုပ်ဆောင်ကြရခြင်း ဖြစ်ပါသည်။

ငွေကြေးပစ္စည်းတတ်နိုင်သူက ငွေကြေးပစ္စည်း၊ လုပ်အားတတ်နိုင်သူက လုပ်အား၊ ငွေကြေး လည်း တတ်နိုင်၊ လူအားလည်း စိုက်ထုတ်နိုင်သူတို့ကလည်း အားကြိုးမာန်တက် ကူပံ့ စသဖြင့် လုပ်ကိုင်ကြိုးပမ်းမှုများကို တွေ့ တွေ့ နေရသည်မှာ စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။ အရှုံးထဲက အမြတ်ဟု မဆိုချင်သော်မှ ဝမ်းနည်းစရာများကြားက ဝမ်းသာစရာလေးတစ်ကွက်ဟုမူ ဖွဖွကလေး ဆိုချင်မိပါသည်။

မိုးက ပြတ်သွားသကဲ့သို့ ရှိ၍ ရေကျသွားသည့် နေရာအတော်များများ ရှိသည့်တိုင် ရေထပ် တက်သည့် နေရာများလည်း ရှိသေးသည်။ ဧရာဝတီ၊ ချင်းတွင်းနှင့် ရွှေကျင်မြစ်ရေတို့ အချို့မြို့များ တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိဟုဆိုကာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ် ၁ ရက်က ထုတ်ပြန်လိုက်ပါသည်။

ညောင်ဦးမြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဇလွန်မြို့၊ မော်လိုက်မြို့၊ မုံရွာမြို့၊ ရွှေကျင်မြို့စသည်တို့တွင် မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ၃ လက်မမှ ၂ ပေခန့်အထိ ကျော်လွန်နေကြပြီး နောက် ၃ ရက်အထိ ဆက်လက်တည်ရှိနေမည်ဟု ဆိုပါသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် ရွှေကျင်မြစ်များ ရေကြီးတိုင်း တာတမံများကျိုးခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်လေ့ရှိသဖြင့် ပြည်သူတို့၏ လက်ရှိအရှိန်အဟုန်ကို ထိန်းသိမ်းမြှင့်တင်ကာ အကူအညီများအတွက် အသင့်ပြင်ထားကြရတော့မည် ဖြစ်သည်။

အစိုးရကလည်း ယခုအခါ လှုပ်လှုပ်ရှားရှား အကူအညီများ ပေးလျက်ရှိသည်ကို မြင်လာရ ပြီဖြစ်ရာ စေတနာ သဒ္ဓါတရားကို ပြည်သူတို့က မိမိတို့ တာဝန်သဖွယ် အားကြိုးမာန်တက် ထမ်းဆောင်နေမှုကို အားဖြည့်လောင်းခြင်းဖြင့် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရား၌ စေတနာ သဒ္ဓါတရားလေး ထပ်ပေါင်းစေလိုကြောင်း အသိပေး နှိုးဆော်အပ်ပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags