ပဲခူးတိုင်းအနောက်ခြမ်း စည်ပင်ရွေးကောက်ပွဲအတွက် လတ်တလောပြုပြင်ပြောင်းလဲရန် အကြံပြုချက်များထုတ်ပြန်

ပဲခူးတိုင်းအနောက်ခြမ်း စည်ပင်ရွေးကောက်ပွဲအတွက် လတ်တလောပြုပြင်ပြောင်းလဲရန် အကြံပြုချက်များထုတ်ပြန်

ပြည်၊ မေ ၂၄ ။          ။ ပဲခူးတိုင်းဒေသကြီးအတွင်း ကျင်းပနေသည့် အရပ်ဖက် စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲများအတွက် လတ်တလောပြုပြင်ပြောင်းလဲရန် အကြံပြုချက် ၅ ရပ်ကို ၎င်းရွေးချယ်ပွဲအား လေ့လာစောင့်ကြည့်နေသော Pace on Peaceful Pluralism (PoPP)အဖွဲ့က အကြံပြုထားသည်။

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် နှင့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၁၄ ခုတွင်အရပ်ဖက် စည်ပင်သာယာကော်မတီ ရွေးချယ်ပွဲများ ပြုလုပ်မည်ဖြစ်ပြီး ယခုအချိန်တွင် ပြည်၊ ပန်းတောင်း ၊ မိုးညို၊ အုတ်ဖိုမြို့များတွင် ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့် ရွေးချယ်ပွဲများ ပြုလုပ်ပြီးဖြစ်သည်။

“မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ ရွေးချယ်ပွဲကြီးကြပ်ရေးကော်မတီအဖွဲ့တွေရှိပါတယ်။ လက်ရှိကျင်းပဖို့ကျန်နေတဲ့ မြို့နယ်တိုင်းကို ဒီအကြံပြုချက်တွေ ပေးပို့သွားပါမယ်။ ကျနော်တို့အနေနဲ့ သူတို့မလုပ်ဆောင်သည်ဖြစ်စေ လုပ်ဆောင်သည်ဖြစ်စေ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ပါဝင်ပြီး လုပ်ဆောင်စေချင်ပါတယ်”ဟု ကိုမင်းသူရအောင်က ဆိုသည်။

မြို့နယ်များတွင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ ကော်မတီဝင်လောင်းများကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက် ရွေးချယ်ရေးကြီးကြပ်ရေးအဖွဲ့များက နည်းဥပဒေတွင်မပါသော်လည်း ခွင့်ပြုပေးရန်၊ အိမ်ထောင်စုတစ်စုလျှင် တစ်မဲသာပေးခွင့်ရှိသဖြင့် အိမ်ထောင်စုဝင်များ တိုင်ပင်မဲပေးနိုင်ရန် အပါအဝင် အကြံပြုချက် ငါးချက်ကို မေလ ၂၄ရက်တွင် အကြံပြုခဲ့သည်။

PoPP အဖွဲ့၏ လေ့လာသုံးသပ်စစ်တမ်းများ ကောက်ယူမှုအရ ရွေးကောက်ပွဲကို ကျင်းပမည့် နေ့ရက်စွဲကြိုတင်ကြေငြာမှုအားနည်းခြင်း၊ ရွေးချယ်ခံကိုယ်စားလှယ်လောင်းအရေအတွက် နည်းပါးသည့်အတွက် ရပ်/ကျေးအဆင့် မဲဆန္ဒနယ် ၅၀ရာနှုန်းခန့်တွင်သာ ယှဉ်ပြိုင်ပွဲများပြုလုပ်ရခြင်း၊ မဲစာရင်းချန်လှပ်မှုများရှိခြင်း၊ မဲဆွယ်စည်းရုံးမှုများအားနည်းခြင်း၊ မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးမှုများအားနည်းခြင်းများ ရှိသည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly