ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ) အား တစ်ခါတည်း ဖျက်သိမ်းစေချင်တယ်ဟု အင်းစိန်ထောင်မှ လွတ်လာသည့် ကိုလှဘုန်းပြော

ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ) အား တစ်ခါတည်း ဖျက်သိမ်းစေချင်တယ်ဟု အင်းစိန်ထောင်မှ လွတ်လာသည့် ကိုလှဘုန်းပြော

ရန်ကုန်၊ မေလ ၂၄ ။           ။ ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံအား ကွန်ပျူတာ နည်းပညာအသုံးပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်ကာ ကြက်ဖကြီးအကောင့်ဖြင့် လူမှုကွန်ယက်တွင် တင်သည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသည့် ကိုလှဘုန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၆ (ဃ) အား မပြင်ဆင်ဘဲ အပြီးဖျက်သိမ်းစေချင်ကြောင်း မေလ ၂၄ ရက်တွင် အင်းစိန်ထောင်မှ လွတ်မြောက်စဉ်ပြောသည်။

“ကျွန်တော်ကတော့ ခုလို ကျွန်တော်ကိုဖမ်းခဲ့တဲ့ ၆၆ (ဃ)ကို မပြင်ဆင်စေချင်ဘူး။ တစ်ခါတည်းဖျက်သိမ်းစေချင်တယ်။ တော်တော် ဒုက္ခပေးတဲ့ ပုဒ်မပါပဲ။ ဒီ ၆၆ နဲ့ ပတ်သက်ပြီး ဆက်ပြီးလှုပ်ရှားရမှာသွားမှာပါ။ ဒီပုဒ်မနဲ့ ခံခဲ့ရတာဆိုတော့။ ကျွန်တော်ကတော့ အမှန်တရားအတွက်လုပ်ရမယ်ဆိုရင် ဂရုမစိုက်ဘူး။ ဒီအင်းစိန်အကျဉ်းထောင်ကတော့ နိုင်ငံရေးသမားတွေအတွက် အပန်းဖြေစခန်းပါပဲ”ဟု ကိုလှဘုန်းက ပြောသည်။

ကိုလှဘုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံအား ကွန်ပျူတာနည်းပညာအသုံးပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ယက်ပေါ်လွှင့်တင်ခဲ့သည့် ကြက်ဖကြီးအကောင့်ပိုင်ရှင်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ) အပါအဝင် အမှု ၄မှုဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးမှ နိုဝင်ဘာ ၁၁ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က ကြက်ဖကြီးအကောင့်ပိုင်ရှင် မဟုတ်ခဲ့ပါဘူးခင်ဗျာ။ ဒီအကောင့်သုံးစွဲတဲ့သူပါဆိုပြီးတော့ စွပ်စွဲခံခဲ့ရတာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်မဟုတ်ဘူးဆိုတာကိုလည်း တစ်နည်းနည်းနဲ့ ရှင်းပြရဦးမှာပေါ့”ဟု ကိုလှဘုန်းက ကြက်ဖကြီးအကောင့်နှင့် ပတ်သက်ပြီး မီဒီယာများမေးမြန်းစဉ် ဖြေကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦးအား နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ ကိုလှဘုန်းမှာ မေလ ၂၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly