ရေဘေးဒုက္ခသည်များကို အစိုးရ အလျင်အမြန်ကူညီရန် ချင်းအဖွဲ့အစည်းများတိုက်တွန်း

ရေဘေးဒုက္ခသည်များကို အစိုးရ အလျင်အမြန်ကူညီရန် ချင်းအဖွဲ့အစည်းများတိုက်တွန်း
ချင်းပြည်နယ် ပလက်ဝမြို့တွင် ရေကြီးရေလျှံနေသည့် မြင်ကွင်း။ (ဓာတ်ပုံ- Chinland Guardian Post)

ချင်းပြည်နယ်နှင့် အခြားဒေသများတွင် ရေဘေးဒုက္ခကြုံတွေ့နေရသူများအတွက် အစိုးရအနေဖြင့် အကူအညီများကို လက်ငင်းအလျင်အမြန်ဆောင်ရွက်သင့်ကြောင်း ချင်းအဖွဲ့အစည်းများ တိုက်တွန်းလိုက်ကြသည်။ 

ချင်းအမျိုးသားတပ်ဦး (The Chin National Front) နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း -Chin Human Rights Organization တို့က သဘာဝဘေးဒဏ်ကို အမြန်တုံ့ပြန်ဆောင်ရွက်မှုများ အစိုးရအနေဖြင့်လုပ်ဆောင်ပေးရန် သြဂုတ် ၁ရက်က ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"ထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေသည်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကျိုးရှိရှိ လုပ်ဆောင်နိုင်ရန်အတွက် အစိုးရက ဒေသတွင်းနှင့် နိုင်ငံတကာအကူအညီများ လွတ်လွတ်ကင်းကင်း ထောက်ပံ့နိုင်မှုကို ခွင့်ပြုပေးသင့်ကြောင်း”  ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်တွင် အရေးပေါ်အစည်းအဝေးကျင်းပစဉ် အဆိုပါ ချင်းအဖွဲ့အစည်းနှစ်ရပ်က မြန်မာနိုင်ငံတွင်း ရေဘေးဒုက္ခကို ရင်ဆိုင်နေရသည့် ချင်းတိုင်းရင်းသားများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုပေးနိုင်ရေးအတွက် 'International Chin Humanitarian Information Network (iCHIN)' ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ယင်းအဖွဲ့က ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးနှင့် ရခိုင်ပြည်နယ် နယ်မြေများ ရေကြီးမြေပြိုမှုများကြောင့် ပျက်စီးမှုများကို စာရင်းကောက်ယူသွားရန်လည်း ဖြစ်သည်။

ယင်းအချိန်အတောအတွင်း သမ္မတဦးသိန်းစိန်ထံသို့ ချင်းနိုင်ငံရေးပါတီ ရှစ်ပါတီနှင့် အခြားလူမှုရေးအဖွဲ့များက ဒုက္ခသည်များအတွက် စားနပ်ရိက္ခာအကူအညီအထောက်အပံ့များကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးရန် တောင်းဆိုထားခဲ့သည်။

Ref: Chinland Guardian Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly