နေပြည်တော် ဆန္ဒပြပွဲ သိန်းထောင်ချီသုံး၊ အစွန်းရောက် အဖွဲ့တွေကို သန်း ၅၀၀၀ ထောက်ပံ့နေကြောင်း သတင်းရဟု သာသနာဝန်ပြော

နေပြည်တော် ဆန္ဒပြပွဲ သိန်းထောင်ချီသုံး၊ အစွန်းရောက် အဖွဲ့တွေကို သန်း ၅၀၀၀ ထောက်ပံ့နေကြောင်း သတင်းရဟု သာသနာဝန်ပြော

သာသနာရေး ဝန်ကြီးကို ဆန္ဒပြခဲ့ရာတွင် ငွေပေးစေခိုင်းမှုများ ရှိခဲ့ပြီး သိန်းထောင်ချီကုန်မည့် အဆိုပါ ဆန္ဒပြပွဲအတွက် ရငွေများ ဘယ်ကရသလဲလို့ သူရ ဦးအောင်ကိုက မေးခွန်းထုတ်လိုက်ပါတယ်။

“နေပြည်တော်မှာ လာဆန္ဒပြတဲ့ပွဲ ဆိုရင် ၃ သောင်းအထိ ပေးပါတယ်။ ၂ သောင်း ပေးတယ်။ ၃ သောင်း ပေးတယ်။ အဲဒီလောက်အထိ ပေးပါတယ်။ လူ သောင်းနဲ့ချီ ဆန္ဒပြရင် သိန်းထောင်ချီ ကုန်မယ်။ ဒီငွေတွေ ဘယ်က ရလဲ” လို့ မေးခွန်းထုတ်ပါတယ်။

မေ ၂၄ ရက် နေပြည်တော် MICC 2 မှာကျင်းပတဲ့ ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ သူရ ဦးအောင်ကိုက ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဗဟိုဘဏ်ကို မေးခွန်းထုတ်ထားပြီး “ရက်သတ္တပတ် ၃ ပတ်ခန့် ရှိခဲ့ပါပြီ။ ကနေ့အထိ ပြန်မလာပါဘူး။ ဗဟိုဘဏ် ကတော့ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းတဲ့သဘောနဲ့ တောင်းဆိုတဲ့အခါမှာ ကနေ့အထိ ပြန်မလာပါဘူး။ မနေ့ကပေါ့။ ပြန်မလာဘူးဆိုတော့ နိုင်ငံတော်သမ္မတရုံးကို စာတင်ထားပါတယ်” လို့လည်း သူကဆိုပါတယ်။

အလားတူ အခြေအနေမျိုး ၂၀၁၆ ခုနှစ်အတွင်းကလည်း ပေါ်ပေါက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ “၂၀၁၆ တုန်းကလည်း ဒီငွေတွေ ဘယ်က ရလဲ ကျနော်တို့ တွေးပါတယ်။ တွေးလို့မို့ ကျနော့် လက်လှမ်းမီသလောက် ကိုယ်ပိုင်အတွေးလေးနဲ့ပဲ ကျနော် စာရေးပါတယ်။ ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေ အပ်နှံထားတဲ့ အပ်နှံငွေစာရင်းကို ဆောလျင်စွာ စိစစ်ပြီး ပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည် ဆိုပြီး ဗဟိုဘဏ်ကို တောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ ဗဟိုဘဏ်က အချိန်နောက်ကျမှ ပြန်ပါတယ်။ အဲဒီကာလအတွင်းမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လုံးလုံး အရပ်သတင်းတွေ ထွက်လာပါတယ်။ အမရာဘဏ်မှာ အပ်ထားတဲ့ ငွေတွေကို နေ့ရော ညရော စနေရော တနင်္ဂနွေရော ထုတ်ပြီး ဖြန့်ခွဲလိုက်ကြတယ်တဲ့။ အမရာဘဏ်မှာ အပ်တဲ့ငွေတွေကို ပြောပါတယ်။ အမရာဘဏ်ကို ဘယ်သူ တည်ထောင်လဲဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ ကျနော် အထူး မပြောလိုပါဘူး။ အဲဒီလို သတင်းတွေ ထွက်ခဲ့ပါတယ်။ သို့သော် နောက်ကျမှ ပြန်လာတဲ့ ဗဟိုဘဏ်ရဲ့သတင်းက ကျပ် သိန်းပေါင်း ၃ထောင်ခန့်သာ ဖြစ်ပါတယ်လို့ ပြန်ခဲ့ပါတယ်။ ဒါလည်း သူလည်း ဝတ္တရားကျေပဲသဘော ရှိပါတယ်။” လို့ သူရ ဦးအောင်ကိုက ထပ်ဆင့် ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ အစွန်းရောက် အဖွဲ့အစည်းတွေ လှုပ်ရှားနိုင်ဖို့ သန်း ၅၀၀၀ လောက် ထောက်ပံ့မှုတွေ ရှိနေနိုင်တယ်လို့လည်း ပြောပါတယ်။

“၂၀၁၆ ခုနှစ်ကရတဲ့ သတင်းအရဆိုရင်တော့ အဲဒီအစွန်းရောက် ဘာသာရေးအဖွဲ့အစည်းတွေကို လှုပ်ရှားနိုင်ဖို့ ထောက်ပံ့သည့်ငွေသည် သန်း ၅ ထောင်ခန့် ရှိသည်လို့ သတင်းတွေရပါတယ်။ ရာနှုန်းပြည့် အတည်ပြုလို့မရပါဘူး။ သတင်းပေးတဲ့ပုဂ္ဂိုလ်က သတင်းပေးပါတယ်။ ပေးလို့လည်း ဘဏ်တွေကို ငွေစာရင်းတွေ လိုက်တောင်းခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ပုဂ္ဂလိကဘဏ်ရော၊ ဗဟိုဘဏ်ရော အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ ဒါတွေကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။ သိန်း ၃ ထောင်ဆိုတာနဲ့ပဲ လက်ခံလိုက်ရပါတယ်။ သိန်း ၃ထောင် မကပါဘူး”

“အခုလည်း မရလို့မို့ သမ္မတရုံးကို စာတင်ထားပါတယ်။ ဒါတွေမှာ အခုကြည့်လိုက်ရင် ပြန်ကြည့် လိုက်ပါ။ မကွေးတိုင်းကို ပြန်ကြည့်လိုက်ပါ။ သန်း ၅ ထောင်၊ ၆ ထောင်မက ပေါ်လာတယ်။ ပြီးခဲ့တဲ့ အစိုးရ မလွဲှပြောင်းခင်မှာ မကွေးတိုင်း ကြည့်လိုက်၊ သန်း ၆ ထောင်မက ငွေတွေ အခု ဘယ်ရောက်သွားသလဲ။ နောက်ထပ် ပေါ်လာမယ့်ဟာတွေ ပြည်နယ်နဲ့တိုင်း အားလုံးမှာ ရှိနေ ပါသေးတယ်။ ဘယ်အဖွဲ့အစည်းကလည်း၊ ဘယ်အစိုးရလက်ထက်ကလဲ။ နောက်ထပ် ပေါ်လာဖို့ အများကြီး ရှိပါသေးတယ်။ ဒါတွေ ပြည်သူတွေကသာ ဝိုင်းဝန်းဖော်ထုတ်မယ်ဆိုရင် အဲဒီ ပြည်သူ့ ဘဏ္ဍာတွေကို တရားမဝင်ဘုန်းထားတဲ့ ငွေစာရင်းတွေအားလုံးဟာ ပြည်နယ်၊ တိုင်း အားလုံးမှာ ပေါ်လာမှာ ဖြစ်ပါတယ်။”

“အဲဒီအချိန်မှာ အခု စွပ်စွဲနေသလို လက်ရှိအစိုးရက ဗုဒ္ဓဘာသာ အားမပေးဘူး၊ အခြား ဘာသာရေး အားပေးတယ်။ ဗုဒ္ဓဘာသာကို ဖိနှိပ်တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်စွပ်စွဲနေတယ် ဆိုတာတွေက တကယ်တော့ အဓမ္မဝါဒီတွေက စွပ်စွဲနေတာ ဖြစ်ပါတယ်။ ခုနပြောခဲ့တဲ့ နိုင်ငံကို ပေါ့လေ အာဏာရှင်စနစ်ဆီကို နောက်ကြောင်းပြန်လှည့်ချင်တဲ့ လူပုဂ္ဂိုလ်တစု၊ အဖွဲ့အစည်း တခုက ထောက်ပံ့ငွေတွေနဲ့ ထောင်လွှားနေတဲ့ ပုဂ္ဂိုလ်တွေပြောတဲ့စကား ဖြစ်ပါတယ်။ ဘယ်သူ သည် ဓမ္မလဲ၊ ဘယ်သူသည် အဓမ္မလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။” လို့ ပြောခဲ့ပါတယ်။

 

သူရဦးအောင်ကို ပြောခဲ့တဲ့ရုပ်သံဖိုင်ကို ကြည့်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags