ကူညီဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်

ကူညီဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်
မေလလယ်ပိုင်းက ရွာငံမြို့တွင် တွေ့ရသော လိမ္မော်စိုက်တောင်သူတစ်ဦး။ လိမ္မော်ပင်သည် တခြားသီးနှံများထက် ရောဂါ  ကျရောက်မှုများခြင်းကြောင့်  ရွက်ဖျန်းမြေသြဇာ၊ ရွက်ဖျန်းပိုးသတ်ဆေး၊ ရွက်ဖျန်းမှိုသတ်ဆေး တို့ကို ပိုမိုအသုံးပြုကြရသည် (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

ရွာငံမြို့လိမ္မော်စိုက်တောင်သူတို့ အရင်းအနှီး၊မျိုးစေ့၊နည်းပညာ အကူအညီလိုအပ်နေသည်

ရွာငံ(Myanmar Now) ။     ။ ရှမ်းပြည်နယ်၊ ရွာငံမြို့ရှိလိမ္မော်ခြံလုပ်ငန်း တိုးတက်ရေးမှာ အရင်းအနှီး၊မျိုးစေ့၊ နည်းပညာဆိုင်ရာ အကူအညီများရရှိမှုအပေါ် မူတည်နေသည်ဟု ဒေသခံတောင်သူများ၊  စိုက်ပျိုးရေးဦးစီးဌာန အရာရှိ များက မကြာသေးမီက ပြောသည်။

ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့များ၏ ဦးစားပေးမှုသည် လက်ဖက်၊ ကော်ဖီကဲ့သို့ သော သီးနံှစိုက်သူတို့ထံသွားနေသည်ဟုရွာငံမြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကျော်မျိုးသန့်က ပြောသည်။

“တခြားသီးနှံတွေလောက် လိမ္မော်သီးနှံအပေါ်မှာစိတ်ဝင်စားမှုမရှိဘူး။ ဒါကလည်း ပြည်ပပို့ကုန် မဟုတ်လို့ဖြစ်မယ်ထင်တယ်။ လိမ္မော်သီးနှံနဲ့ပတ်သက်ပြီးတော့ အကူအညီ၊အထောက်အပံ့တွေ အများကြီး လိုအပ်နေသေးပါတယ်”ဟု ဦးစီးမှူးက ဆိုသည်။

လိမ္မော်နှင့်ပတ်သက်၍ သင်တန်းသီးသန့်မပြုလုပ်နိုင်သေးသော ၎င်းတို့၏ ဌာနအနေဖြင့် ကျေးရွာများသို့ သွားရောက်ဆွေးနွေးသည့်အခါ လိမ္မော်စိုက်ပျိုးမှုအကြောင်းကို ထည့်သွင်းပြောကြား ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သင်တန်း၊ ဆွေးနွေးပွဲတို့ကိုကျေးရွာများသို့၃ လတစ်ကြိမ်သွားရောက် ပြုလုပ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာဆိုပါက၆ လ တစ်ကြိမ်ခန့်သာ သွားရောက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

သွားရောက် ဆွေးနွေးသည့် အကြောင်းအရာများတွင် လိမ္မော်ပင်အိုပင်ဟောင်း ထိန်းသိမ်း နည်း၊ ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုနည်း၊ မြေသြဇာ သုံးစွဲနည်း၊ ရောဂါပိုးထိန်းသိမ်းနည်းတို့ ပါဝင် သည်ဟု သိရသည်။

“လိမ္မော်တွေက နှစ်ရှည်သီးနှံပင်တွေဖြစ်တဲ့အတွက် မျိုးမှားလို့လည်းမဖြစ်ဘူး။ ရောဂါဒဏ် ခံနိုင်တဲ့မျိုး၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ဂရုစိုက်ပြီး ရွေးချယ်သင့်ပါတယ်။ မျိုးမှား၊ ရွေးချယ်မှု မှားသွားတယ်ဆိုရင် တောင်သူတွေအတွက် အချိန်ကုန်၊ ငွေကုန်၊ လူပန်းပါတယ်။ တောင်သူတွေကို ရောဂါဒဏ်ခံနိုင်တဲ့မျိုး၊ စားသုံးသူကြိုက်နှစ်သက်တဲ့ မျိုးတွေကို ထောက်ပံ့နိုင်ဖို့အတွက် လိုအပ်နေပါ သေးတယ်” ဟု ဦးစီးမှူးက ပြောသည်။

ဈေးကွက်

စိုက်ပျိုးရေးဦးစီးဌာန၏ သင်တန်းဆင်းများထဲတွင်   မြစေတီကျေးရွာမှ ဦးမောင်မွှေးလည်း ပါဝင်သည်။“စိုက်ပျိုးရေးဦးစီးဌာနပို့ချပေးတဲ့ သင်တန်းတွေ ဆွေးနွေးပွဲတွေက ကျွန်တော်တို့လို လိမ္မော် စိုက်ပျိုးသူတွေအတွက် အကျိုးရှိပါတယ်။ ဒါပေမဲ့သူတို့သင်ကြားပေးသမျှကို ကျွန်တော်တို့ အကုန်မ လုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အရင်းအနှီး လုံလုံလောက်လောက် မရှိလို့ပါ။ နောက်ပြီး ကျွန်တော်တို့ကဒီသီးနှံတစ်မျိုုးတည်းကိုပဲစိုက်ပျိုးနေတာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ဒီသီးနှံကိုပဲ တစ်ချိန်လုံးအချိန် မပေးနိုင်ပါဘူး”ဟု ၎င်းက ပြောသည်။

လိမ္မော်သီးနှံ အရင်းအနှီးများပြားရခြင်းမှာ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေ သြဇာ၊ ရွက်ဖျန်းပိုးသတ်ဆေးမျိုးစုံအသုံးပြုနေရခြင်းကြောင့် ဖြစ်ကြောင်းရွာငံမြို့ လိမ္မော်စိုက်ပျိုးရေး အသင်းဒုဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။

“လုပ်ကွက်ငယ်သမားတွေကျတော့ ဗဟုသုတကလည်းနည်း၊ အရင်းအနှီးကလည်းနည်းတော့ အမြတ်အစွန်း သိပ်မရှိဘူးပေါ့။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ တင်သွင်းရောင်းချသင့်ပါတယ်။ ဒါမှ စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အမြတ် ပိုကျန်နိုင်ပါတယ်”ဟု ဦးခင်မောင်ဇော်က ဆိုသည်။

အလုပ်သမားအများအပြား ငှားရမ်းထားသော ဦးခင်မောင်ဇော်သည် ရေဦးကျောက်မြောင်း ကျေးရွာရှိ  ၁၈ ဧကခြံတွင် လိမ္မော်ပင်ပေါင်း ၅,ဝဝဝကျော်စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ လူဦးရေ ရှစ်သောင်းကျော် နေထိုင်လျက်ရှိသောရွာငံတွင် လိမ္မော်စိုက်ပျိုးမြေဧက ၃,ဝဝဝ ကျော် ရှိပြီး ဆွတ်ခူး ရိတ်သိမ်းဧရိယာ ၂,၁၄၈ ဧကရှိခဲ့ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်း ၁ဝ,၉၈၅ ပိဿာရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

ရွာငံလိမ္မော်သည် ရန်ကုန်၊ နေပြည်တော်၊ အောင်ပန်းဈေးကွက်သို့ အဓိက စီးဆင်းနေသည်။

ရွာငံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအုန်းမြင့်က ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ဆောင်ရွက်သင့်သည်မှာ တောင်သူတို့အတွက် နည်းပညာ၊ အရည်အသွေး ကောင်းမွန်သည့် မျိုးစေ့များ ထောက်ပံ့ရေးဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံတကာအရည်အသွေး၊ စံချိန် စံညွှန်းနဲ့ကိုက်ညီမှ ပြည်ပကိုတင်ပို့လို့ရမှာပါ။ လိမ္မော်စိုက် တောင်သူတွေအနေနဲ့ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ ကိုယ့်ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးစေ့မျိုးကို အဓိက စိုက်သင့်ပါတယ်”ဟု ဒုတိယဦးစီးမှူးက ဆိုသည်။

"ဓာတုဆေးဝါးတွေကို အဓိကသုံးစွဲခြင်းထက် သဘာဝနည်းအတိုင်းလည်း ဂရုစိုက်သင့်ပါ တယ်။ ဓာတ်မြေသြဇာထက် သဘာဝမြေသြဇာ၊ နွားချေးတွေကို ပိုအသုံးပြုသင့်ပါတယ်"

တန်ဖိုးမြင့်ထုတ်ကုန်

မြစေတီကျေးရွာတွင် လိမ္မော်တစ်ဧကခွဲကျော် စိုက်ပျိုးနေသည့် ဦးဇော်လင်းထက်ကလည်း အစိုးရ၏ ကူညီမှုကို မျှော်လင့်နေသည်။ ဈေးကွက် လိုအပ်ချက်ပေါ်မူတည်၍ လိမ္မော်ဈေးနှုန်း အတက် အကျ ရှိကြောင်း၊ လိမ္မော်ကို ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့လည်းတင်ပို့ရောင်းချနိုင်ရန် နိုင်ငံ တော်အနေဖြင့် အကူအညီပေးသင့်ကြောင်း ဦးဇော်လင်းထက်က ပြောသည်။

လိမ္မော်သီးကို အလုံးလိုက် တင်ပို့ရောင်းချခြင်းအပြင်၊ ဖျော်ရည်ပြုလုပ်ခြင်းကဲ့သို့သော တန်ဘိုး မြင့် ထုတ်ကုန် ဖြစ်လာလျှင် ပို၍ အကျိုးအမြတ်ရှိမည် ဖြစ်ကြောင်း၊ တောင်သူများ၊ အစုအဖွဲ့များကို တန်ဘိုးမြင့်ထုတ်ကုန် သင်တန်းပေးသင့်ကြောင်း၎င်းက ဆိုသည်။

လုပ်ငန်းရှင်တို့အနေဖြင့် စက်ရုံအလုပ်ရုံများ တည်ထောင်ကာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ လိမ္မော်ဖျော်ရည် ထုတ်လုပ်ရေး စက်ရုံများပေါ်ပေါက်လာပါက ဈေးကွက်ပုံမှန် လိုအပ်ချက်ရှိလာပြီး ဈေးငြိမ်မည်ဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

“ဈေးကွက်ထဲမှာ လိမ္မော်သီးတွေ ပုံနေလို့ စိုက်ပြီးသားလိမ္မော်သီးတွေကို မတင်ပို့လိုက်ရတဲ့ နှစ်တွေရှိတယ်။ အဲ့ဒီလိုအချိန်တွေကျတော့ ကျွန်တော်တို့က လိမ္မော်ပုပ်မယ့် အချိန်ကို ထိုင်ကြည့် နေရသလို ဖြစ်တာပေါ့။ ပုပ်တာကိုမကြည့်ချင်ဘူး၊ ဈေးကွက်ထဲပို့မယ်ဆိုရင်လည်း မမြတ်တဲ့အပြင် သယ်ယူစရိတ်က ကိုယ်အိတ်ထဲက ပြန်စိုက်ရမယ့်သဘောရှိတယ်"ဟု ဦးဇော်လင်းထက်က ဆိုသည်။

"ဖျော်ရည်စက်ရုံတွေ ပြည်တွင်းမှာသာရှိမယ်ဆိုရင် ဈေးကွက်မှာ အသီးတွေပုံနေရင် ကျွန်တော်တို့က အဲ့ဒီစက်ရံုံတွေကို အသီးတွေ ပို့လို့ရတယ်”

ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် လိမ္မော်စိုက်ပျိုးမှုနှင့် ပတ်သက်၍ အော်ဂဲနစ် လက်မှတ်ရရှိအောင် ပြုလုပ်သင့်ပြီဖြစ်ကြောင်း ၎င်းက ယူဆသည်။ သဘာဝမြေသြဇာ၊ ဓာတ်မြေ သြဇာ လိုအပ်သောလိမ္မော်ပင်သည် တခြားသီးနှံများထက် ရောဂါကျရောက်မှုများခြင်းကြောင့် ရွက်ဖျန်းမြေသြဇာ၊ ရွက်ဖျန်းပိုးသတ်ဆေး၊ ရွက်ဖျန်းမှိုသတ်ဆေးတို့ကို ပိုမိုအသုံးပြုကြရသည်။

ဓာတုဆေးသုံးစွဲမှု များပြားခြင်းကြောင့် ပြည်ပပို့သည့်အခါ အခက်တွေ့နိုင်ကြောင်း လေ့လာမှု အားကောင်းသည့် တောင်သူများက သဘောပေါက်နေသည်။

“နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချချင်တယ်ဆို အဓိကကတော့ ပိုးသတ်ဆေးတွေ မသုံးဘဲ သဘာဝစိုက်ပျိုးနည်းအတိုင်း စိုက်ပျိုးသင့်တယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ပိုးသတ်ဆေးတွေ အသုံး ပြုထားရင် ဘယ်လောက်ပဲဟိုဘက်ကိုပို့ပို့၊ ဟိုဘက်က ဓာတ်ခွဲကြည့်လိုက်လို့ ဓာတ်ကြွင်းကျန်ရင် ပြန်ပို့ခံရမှာပဲ။ အရင်ဆုံး စိုက်ပျိုးမှုစနစ်ကို ပြောင်းလဲဖို့လိုပါတယ်”ဟု မြိုင်ကျေးရွာမှ တောင်သူ ဦးမျိုးဝင်းဦးက ဆိုသည်။

စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့် မိမိကုန်ပစ္စည်းကို ပြည်ပဈေးကွက်သို့ တင်ပို့ခြင်း မပြုနိုင် ပါက ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရမည်ဖြစ်ကြောင်း မြိုင်ကျေးရွာမှ တောင်သူ ဦးမျိုးဝင်းဦး က ဆိုသည်။

“တောင်သူတွေက သီးနှံတစ်ခုကို စိုက်ပျိုးပြီးရင် ပြီးပြီးရောဆိုပြီး ပစ်မထားသင့်ဘူး။ ကိုယ့်သီးနှံ အထွက်နှုန်းကောင်းအောင်၊ အရည်အသွေးကောင်းအောင် ဂရုတစိုက် လုပ်ကိုင်သင့် တယ်” ဟု ဦးမျိုးဝင်းဦးက ပြောလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly