၂၁ ရာစုပင်လုံညီလာခံ UNFC မတက်ဟု ဆုံးဖြတ်

၂၁ ရာစုပင်လုံညီလာခံ UNFC မတက်ဟု ဆုံးဖြတ်

ချင်းမိုင်၊ မေ ၂၃ ။             ။ မေ ၂၄ရက်တွင်ကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးကို အထူးဖိတ်ကြားသူအဖြစ်သာ ဖိတ်ကြားခံရ၍ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က မတက်ရောက်ဟု ဆုံးဖြတ်လိုက်သည်။

UNFC၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၂၂ ရက်နှင့် ၂၃ ရက်များပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အရေးပေါ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိသော "အထူးဖိတ်ကြားသူ" အဆင့်အနေအထားဖြင့်သာ ဖိတ်ကြားလာသဖြင့် မိမိတို့ UNFC အနေဖြင့် ပါဝင်တက်ရောက်နိုင်တော့မည်မဟုတ်ပါ" ဟု UNFC၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFC ၏ ဒုဥက္ကဌ နိုင်ဟံသာကမူ “အခုက ညှိနှိုင်းနေတဲ့ ၉ ချက်အပေါ်မှာ ပြေလည်မှုမရသေးဘူးဗျ။ ပြေလည်မှုမရတော့ ရှေ့တဆင့်တိုးဖို့ဆိုတဲ့နေရာမှာ သွားလို့ မရသေးဘူးပေါ့နော်။ နောက် အခု ၂၁ ရာစုပင်လုံ ညီလာခံ ဖိတ်လာတဲ့အပေါ်မှာ ကျနော်တို့အတွက် နည်းနည်း အခက်အခဲကြုံတာကတော့ ကျနော်တို့ အစည်းအဝေးလုပ်နေတာနဲ့လည်း ကပ်ရက်ဖြစ်နေတယ်။ သူတို့ ဖိတ်တာကလည်း တော်တော်လည်း နောက်ကျတယ်။ နောက်တခု ဖိတ်တာက ကျနော်တု့ိကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ကြားတယ်။ ဒါက စကားလုံး လှအောင် အထူးဖိတ်သူပေါ့။ အမှန်က လေ့လာသူအဖြစ်နဲ့ ဖိတ်ကြားတာ။ ကျနော်တို့က ဒီတခြား ကိုယ်စားလှယ်တွေနဲ့ တန်းတူဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့် မရှိတဲ့အနေအထားအပေါ်မှာ ကျနော်တို့က မတက်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်”ဟု ပြောသည်။

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် ၎င်းတို့အား တခြားကိုယ်စားလှယ်များနှင့်အတူ တန်းတူ ဆွေးနွေးဆုံးဖြတ်ခွင့်ပေးခဲ့သဖြင့် တက်ရောက်ခဲ့သော်လည်း ယခု ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် တန်းတူဆွေးနွေးဆုံးဖြတ်ခွင့် မရခြင်းကြောင့် မတက်ရောက်ခြင်း ဖြစ်သည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)တို့ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မရှိခြင်းသည်လည်း မပြည့်စုံသေးသည့် အနေအထားဟု မှတ်ယူသဖြင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံသည်လည်း မပြည်စုံသေးဘဲ ကမှန်ကတန်း ကျင်းပခြင်း ဖြစ်သည်ဟု နိုင်ဟံသာက ပြောဆိုခဲ့သည်။

RCSS ကမူ ရှမ်းပြည်နယ်အတွင်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မရရှိခဲ့ခြင်းကြောင့် မည်သည့် သဘောတူညီချက်မျိုးကိုမျှ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

နှစ်ရက်ကြာ ကျင်းပသော UNFC အစည်းအဝေးတွင် ရှေ့ဆက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး၊ UNFC ၏ ဒုတိယအကြိမ် ညီလာခံကိုလည်း လာမည့် ဇွန်လ တတိယအပတ်တွင် ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

UNFC က ညီလာခံ မတက်ရောက်သော်လည်း UNFC မှ နုတ်ထွက်စာတင်ထားသော KIO နှင့် WNOတို့က ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ အနေဖြင့် ညီလာခံ တက်ရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags