သူမ၏ ဖျော်ဖြေပွဲ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် စိတ်ထိခိုက်ရကြောင်း အာရီရာနာဂရန်ဒီပြောကြား

သူမ၏ ဖျော်ဖြေပွဲ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် စိတ်ထိခိုက်ရကြောင်း အာရီရာနာဂရန်ဒီပြောကြား

အမေရိကန်ပေါ့ပ်အဆိုတော်မလေး အာရီရာနာဂရန်ဒီက မန်ချက်စတာမြို့တွင် ကျင်းပခဲ့သော သူမ၏ ဖျော်ဖြေ ပွဲ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၉ဦး သေဆုံးခဲ့မှုနှင့် ပက်သက်၍ စိတ်ထိခိုက်ရကြောင်း သူမ၏ ခံစားချက်ကို ဖွင့်ဟပြောဆိုခဲ့သည်။

သူမသည် ထိုပေါက်ကွဲမှုကြောင့် အနာတရမရှိခဲ့သော်လည်း တွစ်တာ၌ “စိတ်ထိခိုက်ရပါတယ်။ တကယ့်ကို စိတ်ရင်းအတိုင်း ပြောတာပါ။ ကျမ လုံးဝကို စိတ်မကောင်းပါဘူး။ ပြောစရာစကားတောင် မရှိတော့ပါဘူး” ဟု ရေးသားခဲ့သည်။

မန်ချက်စတာအားကစားကွင်း၌ အသက် ၂၃နှစ်အရွယ်ရှိ အာရီရာနာ၏ သီဆိုဖျော်ဖြေမှုအပြီး တနင်္လာနေ့ညနေ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူမ၏မန်နေဂျာဖြစ်သူ စကူတာဘရောန်ကလည်း အဆိုပါဖြစ်ရပ်နှင့် ပက်သက်၍ သူတို့တစ်ဖွဲ့သားလုံး စိတ်ထိခိုက်ရကြောင်း  ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဆိုပါအားကစားကွင်းကြီးထဲ၌ ဆယ်ကျော်သက် မိန်းကလေးငယ်လေးများ အပါအဝင် ထောင်ပေါင်းများစွာသော ပရိတ်သတ်များ ရှိနေခဲ့ကြောင်း သိရသည်။

အခြားသော ပေါ့ပ်အဆိုတော်များကလည်း အဆိုပါဖြစ်ရပ်နှင့် ပက်သက်၍ စိတ်ထိခိုက်ရကြောင်းကို တွစ်တာ၌ အသီးသီး ဖွင့်ဟရေးသားခဲ့ကြသည်။

အာရီရာနာဂရန်ဒီသည် ယခုဖျော်ဖြေပွဲပြီးနောက်တွင် လန်ဒန်သို့ သွားရောက်ဖျော်ဖြေမည်ဖြစ်ပြီး ထို့နောက် တွင် ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်၊ အီတလီနှင့် တောင်အမေရိကနိုင်ငံ များသို့ သွားရောက်ဖျော်ဖြေရန် ကနဦးက စီစဉ်ထားခဲ့သည်။

သို့သော်လည်း ယခုဖြစ်ရပ်ပြီးနောက်တွင် ထိုအစီအစဉ်တိုင်း လုပ်ဆောင်သွားမလာဆိုတာကို ထုတ်ဖော် ပြောကြားရခြင်း မရှိသေးကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly