မြိုင်မြို့နယ် လေပြင်​းကြောင့် သက်တမ်းရင့် မန်ကျည်းပင် ၄၀ ခန့် ပြိုလဲကျ

မြိုင်မြို့နယ် လေပြင်​းကြောင့် သက်တမ်းရင့် မန်ကျည်းပင် ၄၀ ခန့် ပြိုလဲကျ

မြိုင်၊မေ ၂၃ ။                ။ မေလ ၂၁ရက်နေ့ ညနေပိုင်းက ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် နေအိမ်အဆောက်အဦများနှင့်အတူ သက်တမ်းရင့် သစ်ပင်များ လဲကျခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် မန်ကျည်းပင် ၄၀ နီးပါး အမြစ်ကျွတ်ပြိုလဲခဲ့သည်ဟု ဒေသခံများကဆိုသည်။

"လေကဗျာ။ တခါမှ မကြုံဖူးပါဘူး ။ ပစ္စည်းတွေလည်း မသိမ်းနိုင်ဘူး ။ လူတွေပဲလွတ်အောင်ထွက်ပြေးရတယ်" ဟု ဒေသခံ ဦးကျော်စိုးကပြောသည်။

အဆိုပါ လေပြင်းကြောင့် မြိုင်မြို့နယ် ဆိပ်ဆင်းအုပ်စု ကံလှကျေးရွာ မူလတန်းကျောင်းခွဲ သစ်ပင်ပ၍ ကျောင်းစာသင်ခန်း ၂ ခန်းပျက်စီးခဲ့သည်ဟုသိရသည်။

ကံလှကျေးရွာနှင့်ကျေးရွာချင်းကပ် ယင်းထိုက်ပင်ကျေးရွာတွင်လည်း အိမ်ခေါင်မိုးလန်ခြင်းများဖြစ်ခဲ့ပြီး လူနေအိမ်တစ်ချို့သစ်ပင်ပိပျက်စီးခဲ့သည်ဟု သိရသည်။

 "လေကလဲကြမ်းတယ်ဗျ ။ ရွာက အပင်ကြီးပေါတော့ အပင်တွေကျိုးတာ ၊လဲတာပေါ့ ။ အိမ်တွေ အမိုးတွေ လန်တယ် ။ အပင်ပိတဲ့အိမ်ကတော့ တစ်အိမ်တည်းပါ ။ ဆိုးဆိုးဝါးဝါး သုံးလေးအိမ် အမိုးအကာတွေပျက်တာပေါ့ " ဟု ယင်းထိုက်ပင်ကျေးရွာက ဦးသန်းဝင်းက ပြောသည်။

လက်ရှိ မေလ ၂၂ ရက်နေ့တွင် မြိုင်မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ မီးသတ်တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို သစ်ပင်များ ကူညီဖယ်ရှားပေးနေပြီး ပျက်ဆီးခဲ့သည့် နေအိမ်အရေအတွက်အား စာရင်းကောက်ယူဆဲဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly