အာဏာသိမ်းပြီးသုံးနှစ်ကြာသော်လည်း ထိုင်းစစ်အစိုးရက ရင်ကြားစေ့ရေး မဆောင်ရွက်နိုင်သေး

အာဏာသိမ်းပြီးသုံးနှစ်ကြာသော်လည်း ထိုင်းစစ်အစိုးရက ရင်ကြားစေ့ရေး မဆောင်ရွက်နိုင်သေး

ဘန်ကောက်၊ မေ ၂၂ ။             ။ ယနေ့ မေ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်ပြီဖြစ်သော်လည်း ထိုင်းစစ်အစိုးရအနေဖြင့် နိုင်ငံ၏ ပါတီကြီးနှစ်ရပ်ကြား ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို တိုးတက်အောင် ဖော်ဆောင်နိုင်ခြင်း မရှိပေ။

၂၀၁၄ စစ်အာဏာသိမ်းကာလက အစိုးရအဖြစ် အုပ်ချုပ်ခဲ့သည့် တိုးတက်ရေး ပျူထိုင်း(ထိုင်းပြည်သူ့အတွက်) ပါတီက ပြဿနာအကျပ်အတည်း၏ အရင်းအမြစ်ကို ဖြေရှင်းကိုင်တွယ်လိုပြီး ၂၀၀၈ မှ ၂၀၁၀ ကြား အုပ်ချုပ်ရေးအာဏာ ရရှိခဲ့သော အစဉ်အလာ ဒီမိုကရက်တစ်ပါတီက နိုင်ငံအနေဖြင့် ရှေ့အနာဂတ်အတွက်ပဲ စဉ်းစားရမည်ဟူသော အယူအဆကို ကိုင်စွဲထားသည်။

သို့သော် ပါတီနှစ်ရပ်စလုံးက လူမှုရေးနှင့် စီးပွားရေးတိုးတက်မှုများ ဆောင်ကြဉ်းနိုင်ရန် တည်ငြိမ်သည့် ဒီမိုကရေစီ ရှိရမည်နှင့် စစ်တပ်ကနိုင်ငံရေးမှ ထွက်ခွာရမည်ဆိုခြင်းအပေါ် နှစ်ပါတီစလုံး သဘောတူလက်ခံထားကြသည်။

စစ်တပ်၏ အာဏာသိမ်းခြင်းခံခဲ့ရသည့် ပျူထိုင်းပါတီမှ ဝန်ကြီးချုပ်ဖြစ်သူ ယင်လပ်ကလည်း စစ်အစိုးရသည် ပေးထားသောကတိများကို ဖြည့်ဆည်းဖို့ရန် လိုနေကြောင်း ယခုရက်ပိုင်းအတွင်းက ပြောခဲ့သည်။

ယနေ့ စစ်အာဏာသိမ်း သုံးနှစ်ပြည့်နေ့တွင် ဘန်ကောက်ရှိ စစ်ဆေးရုံ၌ အသေးစားဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူ ၂၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly