YBS ယာဉ်လိုင်းသုံးလိုင်းမှ မီနီဘတ်စ်များ ဖျက်သိမ်းပြီး စီးတီးဘတ်စ်များဖြင့် မေလ ၂၅ တွင် စတင်ပြေးဆွဲမည်

YBS ယာဉ်လိုင်းသုံးလိုင်းမှ မီနီဘတ်စ်များ ဖျက်သိမ်းပြီး စီးတီးဘတ်စ်များဖြင့် မေလ ၂၅ တွင် စတင်ပြေးဆွဲမည်

ရန်ကုန်၊ မေလ ၂၂ ။              ။ မေလ ၂၅ရက်ကစပြီး လက်ရှိပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းသုံးလိုင်းမှ မီနီဘတ်စ်ယာဉ်များကို ဖျက်သိမ်းပြီး စီးတီးဘတ်စ်ယာဉ်များဖြင့် အစားထိုးကာပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ပြောသည်။

မေလ ၂၅ ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသုံးလိုင်းဖြစ်သော ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် မီနီဘတ်စ်များကို ဖျက်သိမ်းကာ ပြည်သူ့ရင်ပြည်တွင်ရောက်ရှိနေသည့် စီးတီးဘတ်စ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်သည်။

အဆိုပါ ယာဉ်လိုင်းသုံးလိုင်းမှ ဖျက်သိမ်းလိုက်သည့် မီနီဘတ်စ်ယာဉ်များကို အခြားယာဉ်လိုင်းများတွင်ပြောင်း ရွှေ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းတွေမှာ စီးတီးဘတ်စ်တွေ ပြေးမှာဖြစ်ပြီး မီနီဘတ်စ်တွေကို လက်မခံတော့ဘူး။ မီနီဘတ်စ်တွေကို အဲ့ဒီယာဉ်လိုင်းတွေမှာ ဖြုတ်ပြီးတော့ အခြားလိုင်းတွေမှာပို့မှာ။ ဒီလိုင်းတွေကို စပြောင်းရတာက မြို့တွင်းဆိုတော့ လူစီးများတဲ့အတွက် မီနီဘတ်စ်ကျတော့ အဆင်မပြေလို့။ နောက်ပိုင်းမှာ ယာဉ်တွေရောက် လာရင်တော့ အားလုံးကို ယာဉ်အသစ်တွေနဲ့ပဲ အစားထိုးသွားမှာပါ”ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများတွင် လိုအပ်ချက်ပေါ်မှုတည်ပြီး ဘတ်စ်ကားများ ထည့်သွင်းပြေးဆွဲနိုင်ရန် ဘတ်စ်ကားသစ် အစီးရေ ၁,ဝဝဝ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ အစိုးရအချင်းချင်း ချိတ်ဆက်စနစ်ဖြင့် ဝယ်ယူထားပြီး မကြာမီ ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly