အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီဦးဆောင်သူ ဦးမြတ်ကျော်နှင့် တွေ့ဆုံခြင်း

အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီဦးဆောင်သူ ဦးမြတ်ကျော်နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ မေ ၂၂ ။              ။ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ၏ ဟောပြောဆောင်ရွက်ချက်များကို ဓမ္မနှင့် အဓမ္မ ခွဲခြားပေးရန် နိုင်ငံတော်သံဃမဟာနာကအဖွဲ့ထံ တောင်းဆိုသည့် လူထုလက်မှတ်ရေးထိုးပွဲဆိုသည့် လှုပ်ရှားမှုများကို ပြုလုပ်နေသည့် အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီဦးဆောင်သူ ဦးမြတ်ကျော်ကို မဇ္ဈိမသတင်းထောက် ဒေါင်းလူက မေးမြန်းထားသည်။

မဇ္ဈိမ ။ ။ အစ်ကိုတို့ကော်မတီရဲ့ အဓိက လုပ်ဆောင်ချက်တွေ ရှင်းပြပေးပါဦး။

ဦးမြတ်ကျော် ။ ။ဆရာတော်ဦးဝီရသူ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ ဓမ္မလား၊ အဓမ္မလား လူထု လက်မှတ် တောင်းခံတယ်။ နိုင်ငံတော်သံဃမဟာနာယကဆီကို သံဃဝိနစ္ဆယခုံရုံးတင်ပြီး ခွဲခြားဆုံးဖြတ်ပေးဖို့ တောင်းဆိုမှုအစီအစဉ် လှုပ်ရှားမှုပေါ့လေ။

မဇ္ဈိမ ။ ။ ဒီလှုပ်ရှားမှုကို ဘယ်နေရာတွေမှာ လုပ်ခဲ့လဲ။

ဦးမြတ်ကျော် ။ ။ လောလောဆယ် တောင်ဥက္ကလာမှာ စထိုးတယ်။ တပြိုင်နက်တည်း ဗိုလ်ချုပ်ဈေးတို့ မြို့နယ်တွေမှာလည်း ထိုးနေပြီ။ ပြင်ဆင်နေတဲ့မြို့နယ်တွေလည်း ပြင်ဆင်နေပြီ။ ဒါပေမယ့် သေချာတဲ့ Report တော့ ဘယ်လောက်ရတယ်။ ဘယ်မှာထိုးနေတယ် တိတိကျကျတော့ တက်မလာသေးဘူး။

မဇ္ဈိမ ။ ။ ပထမအကြိမ်တုန်းက လက်မှတ်ပေါင်း ၅၀၀ လောက်ရတယ်လို့ အစ်ကိုတို့ကော်မတီကပြောတယ်။ အခု လောလောဆယ် လက်မှတ်ပေါင်းဘယ်လောက်ရပြီလဲ။

ဦးမြတ်ကျော် ။ ။ လောလောဆယ်အနေအထားမှာတော့ ဒီနေ့မနက်ပိုင်းလေးတင် လက်မှတ် ၅၀၀ လောက် တက်လာပါတယ်။ ဒီလ ၂၁ ရက်နေ့ကနေ နောက်လ ၂၁ ရက်နေ့အထိ ၁ လ သွားမယ်ဆိုပြီး ကော်မတီက ကြေငြာထားပါတယ်။ ဆိုတော့ ၁ လအတွင်းမှာတော့ ၅၀၀ ထက်ပိုတဲ့ လက်မှတ်တွေတော့ရမှာပေါ့လေ။ ဘယ်လောက်ရလဲဆိုတာတော့ပြောဖို့ စောမယ်။ ရန်ကုန်တိုင်း တစ်တိုင်းလုံးထိုးမယ်ဆိုတဲ့ကိစ္စက စကားကြီး စကား ကျယ်ပြောသလိုဖြစ်မှာ စိုးတယ်။ ရန်ကုန်တိုင်းကလူတွေ အများကြီးပါအောင်တော့ ကျွန်တော်ကြိုးစားမယ်။ မြို့နယ်အသီးသီးက ပါအောင်ကြိုးစားမယ်။ ဒါပေမယ့် အကုန်လုံးတော့ပါချင်မှပါမယ်လေ။

မဇ္ဈိမ ။ ။ ပထမအကြိမ် လက်မှတ်ပေါင်း ၅၀၀ တင်တုန်းကလည်း မဟနက ဘာမှအကြောင်းမပြန်ခဲ့တဲ့အပေါ်မှာ အစ်ကိုတို့ကော်မတီအနေနဲ့ မဟနနဲ့တွေ့ဆုံခဲ့တာရှိလား။

ဦးမြတ်ကျော် ။ ။ ကျွန်တော်တို့ ပထမအကြိမ် တောင်ဒဂုံလက်မှတ် ၅၀၀ တင်တယ်ပေါ့။ ဓမ္မလား၊ အဓမ္မလား ခွဲခြားပေးဖို့။ သံဃဝိနစ္ဆယဌာနခွဲရဲ့ညွှန်မှူး လက်ထဲထည့်တယ်။ စကားပြောဖြစ်တယ်။ ကျွန်တော်လည်း ပြောခဲ့ပါတယ်။ ဘာတုံ့ပြန်မှုမှမရှိခဲ့ရင် ဒီထက်များတဲ့လက်မှတ်တွေနဲ့ ထပ်တင်မယ်ဆိုပြီး။ လောလောဆယ်အနေအထားမှာ ကျွန်တော်တို့ဘက်က စောင့်ကြည့်နေပြီး သူတို့ဘက်ကလည်း ဘာတုံ့ပြန်ဆောင်ရွက်မှုမှ မတွေ့ရသေးဘူး။ ဒီတစ်ခေါက်ရတဲ့လက်မှတ်တွေကိုတော့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ဘုရားကြီးတွေ လက်ထဲအရောက်ထည့်ဖို့ ကျွန်တော်ကြိုးစားမယ်။ သူတို့လက်ခံမယ်၊ လက်မခံဘူးတော့ ကြိုမပြောနိုင်ဘူး။

မဇ္ဈိမ ။ ။ ဒါတွေလုပ်နေတာတွေအတွက် အကိုတို့အဖွဲ့ လုံခြုံရေးကို ထိခိုက်မှုတွေ၊ တိုက်ခိုက်ခံရတာတွေရှိခဲ့လား။

ဦးမြတ်ကျော် ။ ။ ဒီမေးခွန်းက အမြဲမေးခံရတယ်။ ဘာကိုကြောက်ရမှာလဲဆိုတဲ့ကိစ္စက တစ်ချက်။ နောက်ပြီး လူသားမှန်ရင်တော့ အကြောက်တရားရှိတယ်ပေါ့လေ။ စကားကြီး၊စကားကျယ်တွေပြောလို့တော့ရတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက လုပ်သင့်လို့လုပ်တယ်။ မကြောက်ဘူလားဆိုတော့ အပိုင်း ၂ ပိုင်းပေါ့။ ဒါပေမယ့် လုပ်သင့်လို့လုပ်ရမယ် ဆိုတာက လောကငြိမ်းချမ်းရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်။ ရပ်တည်ရမယ်။ တစ်စုံတစ်ခုများ အန္တရာယ်တွေ၊ အကြမ်းဖက်မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာခဲ့ရင် ကျွန်တော်တို့ အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီက အဓမ္မဝါဒီတွေပြုမူဆောင်ရွက်တဲ့အတိုင်း လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အေးချမ်းတဲ့နည်းနဲ့ ဥပဒေအရပဲဖြေရှင်းဖို့ ကြိုးစားမယ်။ တစ်ကယ်လို့ လွန်ကျူးလာခဲ့ရင်လည်း လည်ဆင်းခံလိုက်ဖို့၊ ခေါင်းထိုးခံ လိုက်ဖို့ ကျွန်တော်တို့ကော်မတီက ဆုံးဖြတ်ထားတယ်။

မဇ္ဈိမ ။ ။ ဒီလှုပ်ရှားမှုဆောင်ရွက်တဲ့အခါမှာရော အနှောက်အယှက်ဖြစ်စရာတွေ ကြုံရတာရှိသလား။

ဦးမြတ်ကျော် ။ ။ လောလောဆယ်တော့ ဘာအနှောက်အယှက်မှမရှိသေးဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း အကူအညီပေးစောင့်ရှောက်တာတွေ ရှိပါတယ်။ ရွှေဝါရောင်သံဃာတော်တွေကလည်း အဝေးကရော အနီးကရော စောင့်ရှောက်ပေးပါတယ်။ အဓိကဝန်းရံတာကတော့ ပြည်သူလူထုတွေပါ။ သူတို့က အွန်လိုင်းတွေပေါ်မှာ စောင့်ကြည့်ပြီး သတင်းမပြတ်မေးနေတာမျိုးတွေ ဒီလိုမျိုးနွေးထွေးမှုတွေ ရနေတာပေါ့လေ။

မဇ္ဈိမ ။ ။ သံဃာတော်တွေ ဝန်းရံမှုအနေအထားကရော ဘယ်လိုရှိလဲဗျ။

ဦးမြတ်ကျော် ။ ။ ကျွန်တော်တို့ ပန်ကြားချက်တစ်စောင်ထုတ်ထားပါတယ်။ ထေရဝါဒသံဃာတော်စစ်စစ်များကို အဓမ္မဝါဒကိုင်ဆွဲနေတဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အဓိကကတော့ ရဟန်းကို ပကာသနိယ ကံ ပြုပေးပါဆိုပြီး လျှောက်ထားတယ်။ ပြည်သူလူထုကလည်း ထေရဝါဒဉာဏ်ပညာစစ်စစ်နဲ့ကော်မတီမှာ ပူးပေါင်းပြီး အဓမ္မဝါဒဆန့်ကျင်ပါဆိုပြီး ပန်ကြားချက်ထုတ်ပြန်ထားပါတယ်။ တစ်နေ့ကလည်း အဲဒီပန်ကြားလွှာကို ရွှေဝါရောင်ဆရာတော်တွေကို ကပ်ထားပါတယ်။ ရွှေဝါရောင်သံဃာတော်တွေနဲ့လည်း ဆွေးနွေးဖြစ်ပါတယ်။ သံဃာတွေမှာကလည်း ဝိနည်းအရ ပြသနာတွေရှိတယ်။ အဲဒီတော့ သူတို့ပြောတာက စောင့်ရှောက်မယ်။ ကူညီမယ်။ အထူးပြောစရာမလိုဘူး။ သို့ပေမယ့် ထဲထဲဝင်ဝင်ကူညီဖို့ကျတော့ သံဃဝိနည်းအရစောင့်ထိန်းဖို့ ရှိတယ်။ တစ်ဘက်က ဝိနည်းမထိန်းတဲ့သံဃာတော်တွေကတော့ လုပ်ချင်ရာလုပ်ကြမှာပေါ့။ ဒီလိုမျိုးတော့ ကျွန်တော်မြင်တယ်။

မဇ္ဈိမ ။ ။ ကော်မတီကရော ရေရှည်ဘယ်လိုဆက်သွားဖို့ စီစဉ်ထားလဲ။

ဦးမြတ်ကျော် ။ ။ ကျွန်တော်ကတော့ နိုင်ငံလုံးဆိုင်ရာကော်မတီဖွဲ့ဖို့ပြင်ဆင်နေတယ်။ တိုင်းကော်မတီတွေဖွဲ့ဖို့ ပြင်ဆင်နေတယ်။ ရန်ကုန်တိုင်းကော်မတီ၊ မန္တလေးတိုင်းကော်မတီ အဲဒီလိုမျိုးပေါ့။ နောက်ပြီး ဌာနကြီး ၄ ခုနဲ့ သွားမယ်။ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ စည်းရုံးရေးဌာနနဲ့ ဥပဒေရေးရာဌာန၊ ဌာနကြီး ၄ ခုနဲ့ သွားမယ်။ပြန်ကြားရေး နဲ့ စည်းရုံးရေးဌာနကတော့ မောင်းနှင်နေပြီပေါ့။

မဇ္ဈိမ ။ ။ အစ်ကိုတို့ကော်မတီက နိုင်ငံတော်သံဃမဟာနာယကဆီက ဓမ္မလား၊ အဓမ္မလားခွဲခြားပေးပြီးပြီ ဆိုရင် ကော်မတီလုပ်ငန်းစဉ် ပြီးသွားမှာပဲ မဟုတ်လား။

ဦးမြတ်ကျော် ။ ။ အဓမ္မဝါဒဆိုတာ အမြဲတမ်းကျယ်ပြန့်တယ်လေ။ ကလေးတစ်ယောက်ကို တုတ်နဲ့အနိုင်ကျင့် ရိုက်ရင်တောင် ဒါကအဓမ္မဝါဒ။ အလိုမတူဘဲ မုဒိန်းကျင့်ရင်လည်း ဒါကအဓမ္မဝါဒ။ ဒါပေမယ့် ကျွန်တော်တို့က ကာလီမယ်တော်မဟုတ်ဘူးလေ။ အားလုံးကို မကိုင်နိုင်ဘူး။ ကျွန်တော်တို့မူအရ လောကငြိမ်းချမ်းခြင်းကို ဖျက်ဆီးတယ်။ လူသားဖြစ်တည်မှုကို ဆန့်ကျင်တယ်။ လူ့ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားတာ၊ အနိုင်ထက်ပြုကျင့်တာ၊ အကြမ်းဖက်တဲ့ ဒီလိုလူတွေ၊ ဒီလိုဂ္ဂိုလ်တွေ၊ ဒီလိုရဟန်းတွေကို ကျွန်တော်တို့က အဓမ္မဝါဒ၊အဓမ္မဝါဒီ အဖြစ် သတ်မှတ်တယ်။ ဒါတွေနဲ့ ညိစွန်းလာတဲ့လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ကျွန်တော်တို့တားဆီးမယ်။ ဟန့်တားမယ်။ ပြောချင်တာက သူတို့ဖြစ်တည်မှုကို အသိအမှတ်မပြုတာ မဟုတ်ဘူး။ မြန်မာပြည်တိုင်းပြည်အတွင်း ငြိမ်းချမ်းမှုတွေ၊ လူ့အဖွဲ့အစည်း ဆူပူလှုံ့ဆော်မှုတွေကို ဘယ်လိုလူမျိုး၊ ဘယ်သူဖြစ်ဖြစ်၊ အသားအရာင်လူမျိုးခွဲခြား ဆက်ဆံလာမယ်ဆိုရင် ကျွန်တော်တို့ကော်မတီအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားဖို့ရှိပါတယ်။

မဇ္ဈိမ ။ ။ အစ်ကိုတို့ကော်မတီကို နောက်ကွယ်က ကြိုးကိုင်တဲ့အဖွဲ့အစည်းတွေရှိတယ်လို့ ဝေဖန်တာတွေရှိရင် ဘယ်လိုမှတ်ချက်ပေးလိုသလဲ။

ဦးမြတ်ကျော် ။ ။ ကျွန်တော်က ယုံကြည်ချက်အရသွားတာ။ ပါတီတွေကြောင့် လူပုဂ္ဂိုလ်ကြောင့်မှ မဟုတ်ဘူး။ ကျွန်တော်တို့ဖာသာလုပ်တာ။ ကျွန်တော်တို့လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ သူတစ်ပါးခိုင်စေချက်ဆိုတာ ကျွန်တော်တို့ယုံကြည်ချက်ကို ထိပါးလို့မရနိုင်ဘူး။ ကျွန်တော်တို့ အခုအချိန်ထိဘယ်သူ့ကိုမှ မတိုက်ခိုက်ဘူး။ ကျွန်တော်တို့လုပ်တာ အားလုံးမြင်တယ်။ ကျွန်တော်တို့က ဦးဝီရသူကိုဘာလဲလို့ ပြောနေတာမဟုတ်ဘူးလေ။ ကျွန်တော်တို့ နိုင်ငံတော်သံဃမဟာနာကအဖွဲ့ကို ဆုံးဖြတ်ပေးပါလို့ တောင်းဆိုတဲ့ပုံစံပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly