ပိုမနေမြဲ ကျားမနေမြဲ

ပိုမနေမြဲ ကျားမနေမြဲ
 

ဒီဖက်ပိုင်းမှာ ကဗျာဆရာကြီး မင်းသုဝဏ်နဲ့ ပတ်သက်လို့ ရေးကြသားကြတာတွေ အတော်များလာတယ်။ ဆရာကြီးရဲ့ စာအုပ်အဟောင်းတွေကိုလည်း အများအပြား ပြန်လည်ထုတ်ဖော်လာတာ   တွေ့ရတယ်။ ဒါ အင်မတန် ကောင်းတာပါပဲ။ အရင် မင်းသုဝဏ်ဆိုတာ မောင်မှန်တို့အပေါ် အင်မတန် ကျေးဇူးများခဲ့တဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်ပါလားခင်ဗျာ။

လူမှန်းစသိတဲ့ အရွယ်ကစလို့ “က ကညစ်ပေမှာခြစ်”ကို သင်ရတယ်။ နောက် သပြေသီးကောက်၊ နောက် လယ်စောင့်တဲ၊ နောက် ဆွမ်းအုပ်နီနီ စသဖြင့် ခုထိ စိတ်ထဲရှိတုန်းပဲ။ အလွတ်ရတုန်းပဲ။ နည်းနည်း အရွယ်ရောက်လာတော့ ဘကြီးအောင်တို့နှင့် ဆီးပွင့်တို့နဲ့ တွေ့ပြီး နည်းနည်း အသည်းကွဲတတ်လာတယ်။ ဖိုးမောင်နဲ့ သူ့မှာတမ်းမှာ နိုင်ငံရေးအသိ နိုးကြားခဲ့တယ်။ ဆရာကြီးက မရှိတော့ပေမဲ့ သူ့ကဗျာ သူ့စာတွေက ရှိတုန်းပဲ။ နောင်လည်း ရှိနေဦးမှာပဲ။

မှောင်ပိန်းနေတဲ့ ခေတ်တွေတုန်းကတော့ ဆရာ့စာတွေကို အတင်းကွပ်ညှပ်သူတွေက ကွပ်ညှပ်ခဲ့ကြတာ။ မင်းသုဝဏ်ဆိုတဲ့ နာမည်ကိုတောင် ကြားချင်ကြတာ မဟုတ်ဘူး။ ၁၉၉၀ လောက်တုန်းက ဆရာကြီးရေးခဲ့တဲ့ “ပိတောက်တွေလှိုင်တဲ့နှစ်၊ ခမောက်တွေနိုင်တဲ့ခေတ်”ဆိုတာလေး ပြန်အမှန်ရမိသေးတယ်။ မကြာခင်မှာ ခမောက်တွေနိုင်ခဲ့တာ ၂၇ နှစ်တင်းတင်း ပြည့်ပါတော့မယ်။ ဆရာကြီးကတော့ သူ့သားသမ္မတဖြစ်တာတောင် သိမသွားရတော့ပါဘူး။ ဒါပေမဲ့လည်း ဆရာကြီးဟာ လူမှန်နေရာမှန်တော့ ပြန်ရောက်ခဲ့ပါပြီ။

တကယ်ဖြစ်သင့်တာက ဆရာကြီး မင်းသုဝဏ်တင်မက အရာရာဟာ သူ့နေရာတကျ ပြန်ဖြစ်ရမှာပါ။ အဲဒီလိုတော့ မဖြစ်သေးပါဘူး။ မဖြစ်သေးတဲ့အပြင် အချို့ကိစ္စရပ်တွေကြောင့် မထိတ်သာ မလန့်သာ ဖြစ်ရတာတွေတောင် ရှိပါတယ်။ ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်(ဂျိမ်း)ရဲ့ အမှုကိစ္စကို ကြည့်ရအောင်ပါ။

ဒီမိုကရေစီပညာရေး သပိတ်ကာလတုန်းက ဝရမ်းပြေးဖြစ်ခဲ့ဖူးတဲ့ ကိုလင်းထက်နိုင်ဟာ သပိတ်ကာလက ဆက်စပ်အမှုတစ်ခုနဲ့ ခုထိ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒါကိုလည်း တနေ့က Daily Eleven သတင်းစာ ဖတ်ရမှ မောင်မှန် သိပါတယ်။ မောင်မှန်နားလည်ထားတာက နိုင်ငံတော်အတိုင်ပင်ခံရုံးက အမှုတွေ ရုပ်သိမ်းပေးလိုက်တဲ့ ကြေညာချက် ထုတ်ပေးလိုက်တဲ့ ၂၀၁၆ ခုနှစ် ဧပြီလကတည်းက အားလုံးကြည်စေ၊ အေးစေ၊ ငြိမ်းချမ်းစေ ဖြစ်သွားပြီ ထင်တာပါ။ အဲဒီတုန်းကတောင် ကျေးဇူးတင်စကား မပြောလို့ ဘာလို့ညာလို့ဆိုပြီး စီစီညံညံ ဝိုင်းဝေဖန်လိုက်ကြသေးတယ်။ တိုက်ခိုက်သူတွေအထဲမှာ နိုင်ငံရေးဗူးလုံးနား မထွင်းသူတွေတောင် ပါသေး။ တစ်ဘဝလုံး စစ်အစိုးရအဆက်ဆက်ဖက်က ရပ်တည်ခဲ့ပေမယ့် ဒီနေရာမှာတော့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အစိုးရသစ်ကို ကျေးဇူးတင်ကို တင်ရမယ်ဆိုပြီး ကျောင်းသားတွေကို ဆွမ်းကြီး ဝင်လောင်းသူတွေလည်း မနည်းပါဘူး။ ထားပါတော့။

ပိတ်သိမ်းတဲ့အထဲ ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်အမှု မပါမှန်းတော့ အဲဒီကတည်းကပဲ မောင်မှန် သတိထားမိတယ်။ ဒေါ်ခင်ခင်ကျော် အမှု ဆက်ရင်ဆိုင်နေရတဲ့သတင်းက သတင်းစာတွေမှာ ပါတာကိုး။ ဥပဒေသဘောတော့ မောင်မှန် သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ တစ်မျိုးကြီးပဲလို့တော့ ခံစားမိပါတယ်။ မကြာသေးမီကလည်း ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုသန်းထိုက်ကိုလည်း သပိတ်လက်ကျန်အမှု (တရားရုံး မထီမဲ့မြင်မှုဆိုလား) တစ်မှုနဲ့ပဲ ရုံးချိန်းမလာလို့ဆိုပြီး ရဲက လာဖမ်းသွားပြီ။ တရားဥပဒေက စိုးမိုးချင်တဲ့နေရာကျ အဲလိုကို စိုးမိုးတာ။ ကိုလင်းထက်နိုင်ကတော့ သူ့အမှုကို ခုလို ရှင်းပြပါတယ်။ "ကျောက်တံတားရဲအုပ်က ကျွန်တော်ဆီကို ဖုန်းဆက်ပါတယ်။ အမှုတစ်မှုကျန်နေသေးတယ်၊ အမှုကို ပိတ်ဖို့လိုပါတယ်။ အမှုပိတ်ဖို့ တရားရုံးတင်မယ်။ တရားရုံးတင်ပြီးတာနဲပ ရုပ်သိမ်းလွှာတင်ပြီးရင် တစ်ခါတည်း ရုပ်သိမ်းပြီးသားဖြစ်မယ်။ အဲဒီတော့ တရားရုံးကို သွားတယ်၊ ရုပ်သိမ်းမယ့်အမှုဖြစ်တဲ့အတွက် တရားသူကြီးကလည်း ၄၂၀၊ ၄၆၈ ပုဒ်မက လုပ်ထုံးလုပ်နည်းအရ အာမခံပေးလို့မရပေမဲ့ ရုပ်သိမ်းမယ့် အမှုဖြစ်တဲ့အတွက်ဆိုပြီး မနစ်နာအောင် ၂၀၁၆ ခုနှစ်ကတည်းက အာမခံပေးထားတယ်။ .... ဧပြီလက ကျနော် ဥပဒေရုံးကို သွားမေးတော့ တရားလိုဖြစ်တဲ့ ကျောက်တန်း လဝကက အမှုကို ရုပ်သိမ်းမပေးသေးတဲ့အတွက် ဆက်စစ်နေတာဖြစ်တယ်လို့ သိရတယ်။ အဲဒါကြောင့် ကျနော့်ဖက်ကလည်း ဆက်စစ်ဖို့ အခုရုံးချိန်းမှာ ရှေ့နေငှားပြီး ပါဝါတင်ခဲ့ပါတယ်။" တဲ့။ ရှေ့နေတောင် ငှားလိုက်ရပြီး ပါဝါတောင် တင်ခဲ့ပါပြီတဲ့။ တော်ပါသေးရဲ့ ခုနှစ်ဆွေး၊ ရှစ်ဆွေးအမှုတွေ ပြန်မလှန်လို့   တော်ပါသေးရဲ့။   နောက်ကြောင်းလှန်ဖို့ ပေါ်လစီ မရှိဘူးလို့ ကြားထားရလို့ တောင်ပါသေးရဲ့။

ပိုနေမြဲ၊ ကျားနေမြဲ ပြန်မဖြစ်သေးတဲ့ နောက်ကိစ္စတစ်ရပ်ကို တင်ပြပါဦးမယ်။ စစ်အစိုးရ (နဝတ) တက်တက်ချင်းဆိုသလိုမှာပဲ လမ်းသစ်ရိပ်သာတိုက်ခန်းတွေက နိုင်ငံရေးအရ မတရား ဖယ်ရှားခံလိုက်ရတဲ့ မိသားစုဝင်တွေက (၁၉.၅.၁၇) နေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဖယ်ရှားခံရသူတစ်ဥိးဖြစ်တဲ့ ဦးတင်အောင်က "ကျနော်တို့တတွေက စစ်အစိုးရအောက်မှာ ဖယ်ရဓှားခံခဲ့ရတာပါ။ မတရားဖယ်ရှားမှုလို့ ကျနော်တို့ နားလည်တယ်။ အိုးအိမ်ဦးစီးဌာနရဲ့ နေအိမ်တိုက်ခန်း ဥပဒေ ၂၆ ချက်ကို ဖောက်ဖျက်တာလည်း မရှိဘဲနဲပ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီမတရားမှုကို ဒီမိုကရေစီအစိုးရဖြစ်တဲ့ NLD အစိုးရအနေနဲ့ အဲဒီမတရားမှုလမ်းကြောင်းကို မလိုက်ဘဲနဲ့ အဲဒီဟာကို ပယ်ဖျက်ပေးပြီးတော့ မိသားစုတွေကို အိုးအိမ်တွေ ပြန်ပေးဖို့ ပိုနေမြဲ ကျားနေမြဲ ပြန်ပေးဖို့ ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်။" လို့ ပြောပါတယ်။ ဖယ်ရှားခံခဲ့ရတဲ့ မိသားစုတွေကတော့ ဟံသာဝတီ ဆရာဦးဝင်းတင်၊ ဦးတင်အောင်၊ ဗိုလ်ရဲထူး (ပြည်သူ့ရဲဘော်) ဗိုလ်အောင်နိုင်(ပြည်သူ့ရဲဘော်)၊ ဦးဂျော်နီ(ခ) ဦးမြင့်စိုးနဲ့ ဦးဌေးညွှန့်တို့ရဲ့ မိသားစုတွေ ဖြစ်ကြပါတယ်။ ဒီမိသားစုဝင်တွေဟာ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်နဲ့ ဒီချုပ် အစိုးရလက်ထက်တို့မှာ သက်ဆိုင်ရာကို တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီဖြစ်ပေမဲ့ ဘာမှ အကြောင်းမထူးခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒီကိစ္စမျိုးဟာလည်း နောက်ကြောင်းလှန်ချင်တဲ့အထဲ မပါဘူးထင်ပါရဲ့။ ပြည်ခိုင်ဖြိုးတုန်းက မတုံ့ပြန်တာထား၊ သူက စစ်အစိုးရတွေနဲ့ အမွေဆက်ခံသူပဲ။ ဘာမှ ပြောစရာမရှိဘူး။ NLD ကကျ ဒီလိုမဟုတ်ဘူး ထင်တာပဲ။ တစ်ခုခုတော့ တုန့်ပြန်သင့်တယ် ထင်တာပဲ။ ဦးတင်အောင်က "ကျွန်တော်တို့ ဒီဥစ္စာကို တင်ထားတယ်။ ဒီဟာကို နိုင်ငံရေးအရပဲ စောင့်ကြည့်မယ်။ နိုင်ငံရေးအရ ပေးဖို့လိုတယ်လို့ ထင်ပါတယ်။ NLD အစိုးရကပေါ့။ မပေးဘူးဆိုရင်လည်း စစ်အာဏာရှင်တွေလုပ်ခဲ့တဲ့ဟာကို အသိအမှတ်ပြုပြီးတော့ အမှန်တရားအဖြစ် လက်ခံပြီး ဆောင်ရွက်တယ်လို့ ကျနော်တို့ ပြောပါမယ်" လို့ ဆက်ပြောပါတယ်။ ဒီမိုကရေစီအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူတွေ ဒီမိုကရေစီ ရောင်နီလေး သမ်းလာတော့လည်း ပိုနေမြဲ ကျားနေမြဲ မဖြစ်သေးပါလား။ တိုက်ခန်းသိမ်းခံရတဲ့ကိစ္စဟာလည်း လယ်သိမ်း၊ မြေသိမ်းခံရတာတွေနဲ့ အတူတူပါပဲ။ နိုင်ငံရေးအရ လုပ်တာကျ ပိုတောင်ဆိုးသေးတယ်။  ဟို ဟို မကွေးကိစ္စမှာ အရစ်ကျ ပြန်သွင်းပေးလို့ရသလို အခု အခန်းရှင်တွေကိုလည်း အရစ်ကျပဲ ပြန်ပေးနိုင်မယ်ဆိုရင်လည်း အရစ်ကျပဲ ပြန်ပေးသင့်ကြောင်းပါခင်ဗျာ။ သူတို့လဲ လက်ခံကြမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags