အဆိုတော် ထက်ယံ၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ မန္တလေးမြို့တွင် ကျင်းပမည်

အဆိုတော် ထက်ယံ၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ မန္တလေးမြို့တွင် ကျင်းပမည်

ရန်ကုန်၊ မေ ၂၂  ။              ။ လူငယ်တွေကြား အောင်မြင်မှုရရှိနေသည့် အဆိုတော် ထက်ယံသည် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်သည့် Live Show Concert In My Life ကို ဇွန်လ ၉ရက်တွင် မန္တလေးမြို့ရှိ Diamond Plaza တွင် ကျင်းပမည် ဖြစ်သည်။

အဆိုတော် ထက်ယံ၏ မန္တလေးတွင် ပထမဆုံးကျင်းပမည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲ Live Show Concert In My Life ကို MBC Picture (Myanmar Broadcasting Company) မှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။

အဆိုတော် ထက်ယံက “ရန်ကုန်မှာက ပွဲတွေ ခဏခဏလုပ်ဖြစ်တယ်။ ပြီးတော့ ရန်ကုန်မှာက ပွဲရက်ရဖို့ခက်တယ်။ ရန်ကုန် ပရိသတ်ကလည်း ကျွန်တော့်ကို တွေ့ဖူးနေပြီဆိုတော့ မန္တလေးမှာ လုပ်ဖြစ်တာ။ နောက်တစ်ခုက ကျွန်တော့်ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ မိတ္ထီလာက ကျွန်တော့် မိသားစု၊ ဆွေမျိုးတွေနဲ့ ပရိသတ်တွေ လာကြည့်လို့ရအောင် စဉ်းစားပြီး လုပ်ဖြစ်တာ။ ဒီပွဲအတွက် ၆လလောက်ကတည်းက ကျွန်တော်ကြိုတင် ပြင်ဆင်နေတာပါ” ဟု ပြောသည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် အဆိုတော် ထက်ယံအပြင် ၎င်းနှင့် Featuring သီဆိုခဲ့ဖူးသည့် သူငယ်ချင်းများမှလည်း ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကာ တေးသီချင်း သီဆိုမှုအပြင် Performance များလည်း ပါဝင်မည် ဖြစ်သည်။

ထိုဖျော်ဖြေပွဲတွင် တေးသီချင်း အပုဒ် ၃၀ ဖျော်ဖြေမည် ဖြစ်ပြီး ၂၀၁၂ ခုနှစ် က အဆိုတော် ထက်ယံ နှင့် ရဲရင့်အောင်တို့ သီဆိုထားသည့် No More Cry တေးသီချင်းမှ စကာ ယခု ၎င်းထွက်ရှိထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် ၂ခွေထဲမှ တေးသီချင်းများဖြင့် ဖျော်ဖြေမည် ဖြစ်သည်။

အဆိုတော် ထက်ယံ၏ Live Show Concert In My Life ကို ၂၀၁၇ထဲတွင် VCD အဖြစ် ရိုက်ကူး ထုတ်လုပ်မည်ဖြစ်ပြီး ထိုအခွေကို MBC Picture (Myanmar Broadcasting Company) မှ ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲအတွက် လက်မှတ်များကို မကြာမီ ရောင်းချသွားမည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်း၊ ဖျော်ဖြေပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို အဆိုတော် ထက်ယံ၏ Htet Yan ဖေ့ဘုတ်စာမျက်နှာမှတဆင့် ဖော်ပြပေးသွားမည် ဖြစ်သည်။

အဆိုတော် ထက်ယံသည် အဆိုတော် ရွှေထူး၊ X-Box ၊ LlL-Z တို့နှင့် တွဲဖက်ပြီး 4 Album ဟု အမည်ပေးထားသည့် အတွဲခွေကို ထွက်ရှိခဲ့ဖူးသလို တစ်ကိုယ်တော် တေးအယ်ဘမ် အဖြစ် October 18 ၊ New ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် နှစ်ခွေကို ထွက်ရှိထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly