အစွန်းရောက်ဝါဒအား ရင်ဆိုင်ဖြေရှင်းကြရန် မွတ်စလင်ခေါင်းဆောင်များကို ထရမ့်တိုက်တွန်း

အစွန်းရောက်ဝါဒအား ရင်ဆိုင်ဖြေရှင်းကြရန် မွတ်စလင်ခေါင်းဆောင်များကို ထရမ့်တိုက်တွန်း

အမေရိကန်သမ္မဒေါ်နယ်ထရမ့်က အစွန်းရောက်ဝါဒအား ရင်ဆိုင်ဆန့်ကျင်မှုသည် အကောင်းနှင့် အဆိုးကြားမှ တိုက်ပွဲတစ်ခုဖြစ်ပြီး ဘာသာရေးအမည်ခံ၍ အကြမ်းဖက်မှုများ ကျူးလွန်နေမှုများကို ဆန့်ကျင်ကြရန် အစ္စလာမ် မစ်ခေါင်းဆောင်များကို တနင်္ဂနွေနေ့က တိုက်တွန်းခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ ပြောကြားခဲ့သော မိန့်ခွန်းထဲတွင် ထရမ့်က အီရန်နိုင်ငံအား ပြင်းထန်စွာပြောဆိုခဲ့ပြီး ၎င်းတို့သည် ဂိုဏ်းဂဏအစွဲ ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။

ဒါ့အပြင်သူသည် ခင်မင်ရင်းနှီးမှု၊ မျှော်လင့်ချက်နှင့် မေတ္တာတရားတို့ဖြင့် အမှာစကားပါးရန် ရောက်ရှိလာခြင်း ဖြစ်ပြီး ယခုအချိန်သည် အစ္စလာမ်မစ်အစွန်းရောက်ဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည့် အချိန်ရောက်ပြီ ဟု ဒါဇင်ပေါင်းများစွာသော မွတ်စလင်ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

“အခုချိန်ဟာ လူသားများ ပျက်သုန်းသွားအောင် လုပ်ဆောင်နေတဲ့ အရိုင်းအစိုင်း ရာဇဝတ်ကောင်များနဲ့ ထိုသူတို့ရဲ့ ရန်ကိုကာကွယ်မည့် ဘာသာပေါင်းစုံမှ လူကောင်းများကြားမှာရှိတဲ့ စစ်ပွဲတစ်ခုဖြစ်ပါတယ်။ ဒါဟာ အကောင်းနှင့် အဆိုးကြားမှ တိုက်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

အဆိုပါမိန့်ခွန်းကို ဆောဒီအာရေဗျနိုင်ငံသို့ အလည်အပတ်ရောက်ရှိပြီး ဒုတိယမြောက်နေ့တွင် ထရမ့်က ပြောခဲ့ ခြင်းဖြစ်ပြီး ထို့နောက်တွင် အစ္စရေးနှင့် ပါလက်စတိုင်းပိုင်နက်များသို့ သွားရောက်ကာ ထိုမှတဆင့် ဥရောပသို့ ဆက်လက်ခရီးထွက်မည်ဖြစ်သည်။

ထရမ့်သည် သူ၏မိန့်ခွန်းထဲ၌ အီရန်နိုင်ငံ တစ်ခုထဲကိုပဲ ကွက်၍ ဆက်လက်ဝေဖန်ခဲ့သည်။

“လက်ဘနွန်၊ အီရတ်ကနေ ယီမင်နိုင်ငံအထိ အီရန်တို့ဟာ ငွေကြေးနဲ့ လက်နက်တွေ ထောက်ပံ့ပါတယ်။ ဒေသ တစ်လျှောက်မှာ ပရမ်းပတာ အခြေအနေတွေ ဖြစ်ပွားအောင် အကြမ်းဖက်သမားတွေ၊ စစ်သွေးကြွတွေနဲ့ အခြား အစွန်းရောက်အဖွဲ့တွေကို သင်တန်းပေးပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

“အီရန်အစိုးရဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့အချိန် မရောက်ခင်အထိ နိုင်ငံအားလုံးဟာ အတူတကွပူးပေါင်းပြီး ၎င်းတို့ကို သီးခြားပစ်ပယ်ထားရပါမယ်” ဟု သူက ဆက်ပြောခဲ့သည်။

“ဒီကို ကျနော်တို့ သြဝါဒပေးဖို့ လာတာမဟုတ်ပါဘူး။ တခြားသူတွေကို ဘယ်လိုရှင်သန်နေထိုင် ရတယ်ဆိုတာ သင်ကြားပေးဖို့ ဒါမှမဟုတ် ဘယ်အရာကို ကိုးကွယ်ယုံကြည်ရတယ်ဆိုတာ   ပြောဖို့ရောက်လာတာ မဟုတ်ပါဘူး။ အကျိုးစီးပွားနဲ့ တန်ဖိုးထားမှုအပေါ် အခြေပြုပြီး မိတ်ဆွေဖွဲ့ဖို့ ကျနော်တို့ဒီကို ရောက်လာတာဖြစ်ပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် ရီယက်ဒ်မြို့တွင် ကျင်းပနေသော အာရပ်အစ္စလာမစ် အမေရိကန် ထိပ်သီး စည်းဝေးပွဲသို့ မွတ်စလင်အများစု နေထိုင်ရာတိုင်းပြည်များမှ အစိုးရခေါင်းဆောင် ၃၅ဦးခန့်တက်ရောက်ခဲ့ပြီး အများစုမှာ ဆောဒီတို့နှင့် မိတ်ဆွေရင်းဖြစ်ကြသော ဆွန်နီမွတ်စလင်နိုင်ငံများမှဖြစ်ပြီး ယင်းစည်းဝေးပွဲ၌ ဒေါ်နယ်ထရမ့်သည် ယခုလိုမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly