ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲ ၃၀ အနိုင်ရသည့် ပထမဆုံးအသင်းအဖြစ် ချယ်လ်ဆီး စံချိန်သစ်တင်

ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲ ၃၀ အနိုင်ရသည့် ပထမဆုံးအသင်းအဖြစ် ချယ်လ်ဆီး စံချိန်သစ်တင်

မေ ၂၂၊ အင်္ဂလန် ။                 ။ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်၌ ဆန်းဒါးလန်းအသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲ ၃၀ အနိုင်ရသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

နည်းပြကွန်တီ၏ ချယ်လ်ဆီးအသင်းသည် ပွဲစဉ် ၃၈ ပွဲကစားခဲ့ရာ၌ ပွဲ ၃၀ နိုင်၊ ၃ ပွဲသရေကျပြီး ၅ ပွဲရှုံးနိမ့်ကာ ရမှတ် ၉၃ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဟု နာမည်ပြောင်းလဲခဲ့ပြီးနောက်တွင် မည်သည့်နည်းပြမှ ပွဲ ၃၀ အထိအနိုင်မရခဲ့ဖူးပေ။ ချယ်လ်ဆီးနည်းပြဟောင်းမော်ရင်ဟိုမှာ ၂၀၀၄-၀၅ နှင့် ၂၀၀၅-၀၆ ရာသီများက ၂၉ ပွဲအထိ အများဆုံးအနိုင်ရခဲ့ဖူးသည်။

ထို့ကြောင့် နည်းပြကွန်တီမှာ ပရီးမီးယားလိဂ်တွင် ပွဲ ၃၀ အနိုင်ရသည့် ပထမဆုံးနည်းပြလည်း ဖြစ်လာခဲ့သည်။ ကွန်တီသည် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်သည့်   လေးယောက်မြောက် အီတလီနည်းပြဖြစ်လာသလို ပထမဆုံးရာသီမှာပင် ချန်ပီယံဆုရယူနိုင်သော လေးယောက်မြောက် နည်းပြလည်းဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ဖူးသည့် အီတလီနည်းပြ သုံးဦးမှာ အန်စလော့တီ၊ မန်စီနီနှင့်ရာနီရေရီတို့ဖြစ်ကြပြီး ပထမဆုံးရာသီမှာပင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်သည့် နည်းပြများမှာ မော်ရင်ဟို၊ အန်စလော့တီနှင့် ပယ်လီဂရီနီတို့ဖြစ်သည်။

ဆန်းဒါးလန်းနှင့်ပွဲစဉ်မကစားမီကတည်းက ကွန်တီက မော်ရင်ဟို၏စံချိန်သည် အံ့အားသင့်ဖွယ်စံချိန်ဖြစ်ကြောင်းဝန်ခံခဲ့ပြီး ထိုစံချိန်ကိုချိုးရန် အသင်းသားများကို တိုက်တွန်းခဲ့သည်ဟုလည်း ဆိုခဲ့သည်။

ရည်ညွှန်း မက်ထရို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly