ခန္တီးဖြစ်စဉ်အား ပဋိပက္ခဆိုသည့်စကားလုံး တိုင်းဥပဒေချုပ် လက်မခံ

ခန္တီးဖြစ်စဉ်အား ပဋိပက္ခဆိုသည့်စကားလုံး တိုင်းဥပဒေချုပ် လက်မခံ

မုံရွာ၊ မေ ၂၂ ။             ။ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ခန္တီးဖြစ်စဉ်နှင့် ပတ်သက်၍ ပဋိပက္ခဆိုသည့်စကားလုံးအား လက်မခံနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်လတ်က တိုင်းလွှတ်တော်တွင်ပြောကြားခဲ့သည်။

ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးမှ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ပဋိပက္ခဖြေရှင်းပုံအား ယနေ့ကျင်းပခဲ့သော တိုင်းဒေသကြီးလွှတ်တော်တွင်
မေးခွန်းထုတ်ခဲ့မှုကို ယင်းသို့ တုံ့ပြန်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ရေမဆေးကျောက်ရှာဖွေသူများသည် ပုဒ်မ ၁၄၁ အရ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး ဖြစ်ပြီး ကုမ္ပဏီပိုင်ဝင်းအတွင်းရှိ မြေစာပုံအား သယ်ဆောင်ခြင်း၊ အတားအဆီးများအား ချိုးဖျက်ခြင်းတို့ကို တစ်ဖက်သတ်လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

"ပဋိပက္ခဆိုတာက ဘက်နှစ်ဘက်ရှိပါတယ်။ အခုဖြစ်စဉ်ဟာ တစ်ဖက်သတ်လုပ်ဆောင်ခဲ့တာဖြစ်လို့ ပဋိပက္ခလို့ ပြောလို့မရပါဘူး" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဥပဒေချုပ်မှ ပြောကြားခဲ့ခြင်းအပေါ် ခန္တီးမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမောင်တေးမှ ကျေလည်မှုမရှိသည့်အတွက် "ဝန်ကြီးချုပ်က ပဋိပက္ခဟု သုံးသပ်ခဲ့ကြောင်း" ပြန်လည်တုံ့ပြန်ခဲ့သည်။

သို့သော် ယခုဖြစ်စဉ်အား ဥပဒေနှင့်အညီဖြေရှင်းခဲ့ခြင်းဖြစ်ပြီး ယခင်ကတည်းက ဥပဒေနှင့်အညီဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေချုပ်က ဆက်လက်ပြောကြားခဲ့သည်။

"ရှိသမျှ လုံခြုံရေးအင်အားနဲ့သာ ပစ်ခဲ့မယ်ဆိုရင် ဒီထက်ပို့ပြီး လူသေဆုံးမှုတွေ ရှိလာနိုင်ပါတယ်။" ဟု ဆိုသည်။

ထို့ပြင် ရေမဆေးကျောက်ရှာဖွေသူများအား ဦးခေါင်း၊ ဝမ်းဗိုက် စသည့်တို့ကို ချိန်ရွယ်ပစ်ခက်ခြင်းမဟုတ်ကြောင်း၊ မြေပြင် ညီညာမှုမရှိသည့်အတွက် ၎င်းနေရာတို့ကို မှန်နိုင်ကြောင်း၊ ချိန်ရွယ်ပစ်ခဲ့ခြင်းဟု စွတ်စွဲ၍ မရကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ခန္တီးဖြစ်စဉ်တွင် ကုမ္ပဏီအတွင်း အတားအဆီးများချိုးဖျက်ကာ ဝင်ရောက်သည့် ရေမဆေးကျောက်ရှာသူများကို ရဲတပ်ဖွဲ့က နှိမ်နင်းခြင်းကြောင့် ရေမဆေးကျောက်ရှာသူ ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly