အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီလက်မှတ်ကောက်ခံမှု မြို့ကြီးများတွင် ဆက်လက်ဆောင်ရွက်မည်

အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီလက်မှတ်ကောက်ခံမှု မြို့ကြီးများတွင် ဆက်လက်ဆောင်ရွက်မည်

ရန်ကုန်၊ မေ ၂၁ ။            ။ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ၏ ဟောပြောဆောင်ရွက်ချက်များကို ဓမ္မနှင့် အဓမ္မ ခွဲခြားပေးရန် နိုင်ငံတော်သံဃမဟာနာကအဖွဲ့ထံတောင်းဆိုသည့် လူထုလက်မှတ်ရေးထိုးပွဲဆိုသည့် လှုပ်ရှားမှုများကို အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီက ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် ပြုလုပ်သွားမည်ဟု အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ ဦးဆောင်သူ ဦးမြတ်ကျော်က ပြောကြားသည်။

နိုင်ငံတော်သံဃမဟာနာကကို ပထမအကြိမ်လက်မှတ်ပေါင်း ၅၀၀ ပေးပို့ လျှောက်ထားခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်အရေးယူဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် မေလ ၂၁ ရက်က ရန်ကုန်မြို့၊ တောင်ဥက္ကလာ ပါရမီကားဝင်းရှေ့နှင့် အမှတ် ၄ ရပ်ကွက်တွင် ဒုတိယအကြိမ်လူထုလက်မှတ်ရေးထိုးပွဲဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုတွင် ရွှေဝါရောင်သံဃာတော်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ပြီ နိုင်ငံတော်သံဃမဟာနာကအဖွဲ့က ဆောင်ရွက်သည်အထိ ပြုလုပ်သွားမည်ဟု အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီထံမှ သိရသည်။

အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ၏ ဆောင်ရွက်ချက်များသည် မည်သည့်အဖွဲ့အစည်း၊မည်သည့်ပါတီ၏ ကြိုးကိုင်မှုနှင့်မျှ လှုပ်ရှားနေခြင်းမဟုတ်ဟု ဆိုထားပြီး ဆရာတော်ဦးဝီရသူကိုလည်း စွပ်စွဲတိုက်ခိုက်နေခြင်း မဟုတ်ဟု အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီဦးဆောင်သူ ဦးမြတ်ကျော်က ဆိုသည်။

"ကျွန်တော်တို့ အခုအချိန်ထိဘယ်သူ့ကိုမှ မတိုက်ခိုက်ဘူး။ ကျွန်တော်တို့လုပ်တာ အားလုံးမြင်တယ်။ ကျွန်တော်တို့က ဦးဝီရသူကိုဘာလဲလို့ ပြောနေတာမဟုတ်ဘူးလေ။ ကျွန်တော်တို့ နိုင်ငံတော်သံဃမဟာနာကအဖွဲ့ကို ဆုံးဖြတ်ပေးပါလို့ တောင်းဆိုတဲ့ပုံစံပါ" ဟု ဦးမြတ်ကျော်က ပြောသည်။

ဆရာတော်ဦးဝီရသူ၏ ဟောပြောမှုများသည် ရဟန်းသံဃာများကို ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ရွှေဝါရောင် သံဃာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။

"စစ်အာဏာရှင်အစိုးရလက်ထက်ကတော့ တောက်လျောက်ပဲ။ မတရားသဖြင့် အဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတွေဘက်က၊ ရဟန်းသံဃာတွေဘက်က ရပ်တည်လာခဲ့တာပဲ။ အခုနောက်ပိုင်းမှာတော့ ဆရာတော်ရဲ့ဟောပြောမှုတွေဟာ ဒကာ၊ ဒကာမတွေရဲ့စိတ်ဝမ်းငြိုငြင်စေတဲ့ အဟောအပြောတွေလည်း ပါလာတာဆိုတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေကို သိက္ခာကျဆင်းစေတယ်ပေါ့" ဟု ဦးစန္ဒာသီရိက မိန့်ကြားသည်။

မေလ ၂၁ ၇က်က တောင်ဥက္ကလာပမြို့နယ်တွင် လက်မှတ်ပေါင်း ၄၀၀ ကျော် လက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်များကိုလည်း ၁ လအတွင်း လက်မှတ်ကောက်ခံသွားမည်ဖြစ်သည်။ အခြား မြို့ကြီးများတွင် ဆက်လက်ပြုလုပ်ရန်လည်း စီစဉ်နေဆဲဖြစ်သည်ဟု အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly