ပဲ့ထိန်းတပ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအတည်ပြု

ပဲ့ထိန်းတပ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအတည်ပြု

ဆိုးလ် မေ ၂၂ ။               ။ ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများကို မြင့်တက်လာစေခဲ့သော ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုအပြီး တစ်ပတ် အကြာတွင် မြောက်ကိုရီးယားနိုင်ငံသည် မေလ ၂၁ ရက် တနင်္ဂနွေနေ့က ဒုတိယအကြိမ် စမ်းသပ်မှုကို ထပ်မံ ပြုလုပ်ခဲ့ပြီး တာလတ်မှ တာဝေးအထိရောက်နိုင်သည့် ပဲ့ထိန်းတပ်ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း တနင်္လာနေ့တွင်   နိုင်ငံတော်သတင်းဌာန KCNA မှ တဆင့် အတည်ပြုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းသည် ပတ်ခ်ဂွတ်ဆောင်-၂ ဒုံးကျည် ပစ်လွှတ်မှုကို ကိုယ်တိုင် စောင့်ကြည့်လေ့လာခဲ့ကြောင်း KCNA ၏ အဆိုအရ သိရသည်။

မေလ ၁၅ရက်နေ့ကလည်း မြောက်ကိုရီးယားနိုင်ငံသည် ဟွာဆောင် ၁၂ ဟု အမည်ပေးထားသော တာလတ်မှ တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး မြောက်ကိုရီးယား၏ လက်နက်ဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါ သော စမ်းသပ်မှုတစ်ခုဖြစ်ခဲ့သည်။

KCNA ၏အဆိုအရ ကင်ဂျုံအမ်သည် ထိုလက်နက်စနစ်ကို ထိထိရောက်ရောက် အသုံးချရန် အတည်ပြုခဲ့ပြီး အောင်မြင်သော မဟာဗျူဟာကျသည့် လက်နက်တစ်ခုဖြစ်သည်ဟု ညွှန်းဆိုခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားစစ်တပ်သည် အဆိုပါဒုံးကျည်ကို နိုင်ငံတောင်ပိုင်း ပြုံဂန်းခရိုင်အတွင်းရှိ ပတ်ခ်ချိန်းဝန်းကျင် တွင် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ၁၆:၅၉ နာရီ၌ ပစ်လွှတ်ခဲ့ကြောင်း   တောင်ကိုရီးယားအစိုးရ၏ အဆိုအရ သိရသည်။

ထိုဒုံးကျည်သည် ကီလိုမီတာ ၅၀၀ခန့် ပျံသန်းသွားခဲ့ပြီး အမြင့်ကီလိုမီတာ ၅၆၀အထိ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုနှင့် ပက်သက်၍ အမေရိကန်၊ ဂျပန်၊ နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အင်္ဂါနေ့တွင် အရေးပေါ်အစည်းအဝေး ပြုလုပ်သွားရန်ရှိကြောင်း သံတမန်အရာရှိများက ပြောခဲ့သည်။

ကျွမ်းကျင်သူများ၏အဆိုအရ မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယားနိုင်ငံ၏ လစ်ဘရယ်အစိုးရ အသစ်ကို စမ်းသပ်ရန်အတွက် ယခုလို ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags