RCSS အနေဖြင့် ၂၁ ရာစု ပင်လုံတက်ရောက်သော်လည်း အဆိုပြုချက် တင်ပြမည် မဟုတ်

RCSS အနေဖြင့် ၂၁ ရာစု ပင်လုံတက်ရောက်သော်လည်း အဆိုပြုချက် တင်ပြမည် မဟုတ်

ချင်းမိုင်၊မေလ ၂၁ ။             ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အနေဖြင့် လာမည့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံသို့ တက်ရောက်သော်လည်း ရှမ်းပြည်သူလူထုကိုယ်စား မည်သည့် အဆိုပြုချက်များ တင်ပြသွားမည် မဟုတ်ကြောင်း ယနေ့ သဘောထားထုတ်ပြန်လိုက်သည်။

RCSS အနေဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့်သာ တက်ရောက်သွားမည် ဖြစ်ကြောင်း  သိရသည်။

“UPDJC က ပြင်ဆင်ထားတဲ့ သဘောထား စုစည်းချက်တွေကလည်း ပြည့်စုံနေပါပြီ။ ဒါကြောင့်မလို့ အထူးတင်ပြစရာ မရှိဘူး။ နောက်တစ်ခုက နိုင်ငံရေးကဏ္ဍမှာ အရေးကြီးဆုံးက ရှမ်းလူထုနဲ့ သဘောထားခံယူချက်တွေ လုပ်ရဦးမယ်။ အဲဒါ ခုထိ မလုပ်ရသေးဘူး။ အဲဒီတော့ မလုပ်ရသေးတော့ သူတို့အနေနဲ့ သွားတင်ပြရမှာ အခက်အခဲရှိတယ်။ အဲဒါကြောင့် သူတို့ ဒီလိုကြေညာရခြင်းဖြစ်တယ်လို့ ကျွန်တော်သဘောပေါက်ပါတယ်”ဟု RCSS မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်းက ပြောသည်။

ညီလာခံသို့ ကိုယ်စားလှယ် ၂၉ ဦး စေလွတ်မည်ဖြစ်သော်လည်း ညီလာခံတွင် တင်ပြဆွေးနွေးကြမည့် ကဏ္ဍအလိုက် အကြောင်းအရာများသည် ရှမ်းလူထု၏ ဆန္ဒနှင့် လိုလားချက်များ ပါဝင်နိုင်လိမ့်မည်မဟုတ်ကြောင်း မေလ ၂၁ ရက်နေ့က သဘောထားထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့ကြောင့် ညီလာခံမှ ရရှိလာမည့် သဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ချုပ်ဆိုရာတွင် သဘောတူ ပါဝင်လက်မှတ်ရေးထိုးနိုင်သေးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ လက်မှတ်မထိုးဘူး။ တကယ်လို့ သူတို့က လူထုနဲ့ လုံးဝ တိုင်ပင်နှီးနှောထားခြင်း မရှိတဲ့အတွက်ကြောင့် မလို့ လက်မှတ်ထိုးမယ်ဆိုလို့ ရှိရင်လည်း မဖြစ်နိုင်ဘူး။ အခုလောလောဆယ်က သူတို့က RCSS အနေနဲ့ လက်မှတ်ထိုးနိုင်မှာ မဟုတ်ဘဲ။ ဒီ RCSS အနေနဲ့ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ဖြစ်တယ်။ သူတို့က မကျင်းပနိုင်တဲ့အခါကြတော့ လက်မှတ်မထိုးနိုင်ဘူးပေါ့နော်”ဟု ဦးခွန်ဆိုင်းက ဆက်ပြောသည်။

RCSS က လူမျုးိအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့တို့တွင် ကျင်းပရန် တောင်းဆိုထားသော်လည်း တပ်မတော်ဘက်မှ RCSS ထိန်းချုပ်ရာ မိုင်းထဒေသတွင် ကျင်းပရန် ပြောဆိုခဲ့သဖြင့် မကျင်းပနိုင်သေးပေ။

မေလ ၂၄ ရက်နေ့တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံ ကျင်းပပြီးနောက် RCSS က လူမျိုးအလိုက် အမျိုးအသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

RCSS သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့သောအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ထဲမှ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သဖြင့် ညီလာခံ တက်ရောက်ရန် အဆင်သင့် ရှိနေပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags