ခန္တီးရတနာမြေမှ ရေမဆေးကျောက်ရှာဖွေသူတို့ နေရပ်သို့ စတင်ပြန်နေပြီ

ခန္တီးရတနာမြေမှ ရေမဆေးကျောက်ရှာဖွေသူတို့ နေရပ်သို့ စတင်ပြန်နေပြီ
(ဓာတ်ပုံ၊တောင်ပေါ်ကျား)

မန္တလေး၊မေ ၂၁ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာမှော်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးယူထားသည့်တပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားပြီးနောက်   ရေမဆေးကျောက်ရှာဖွေသူတစ်ချို့  နေရပ် ပြန်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့နေပြန်လာကြသူအချို့သည် လမ်းစရိတ်မတတ်နိုင်သူများဖြစ်ကြပြီး မေလ ၁၉ ရက်နေ့မှစတင်၍ ကိုယ့်အုပ်စုကိုယ် အုပ်စုဖွဲ့ ပြန်လာနေကြကြောင်းသိရသည်။

ထိုသို့ပြန်လာသည့်အထဲမှ မြိုင်မြို့က လာရောက်ပြီး ရေမဆေးကျောက်ရှာဖွေခဲ့သူ ကိုမြင့်ကြည်က "ကျွန်တော်တို့က နန်စီပွန်ရောက်တာ မကြာသေးဘူး။ ကိုယ်နယ်မှာ မပြေလည်လို့ လာခဲ့ကြတာ။ ဒီရောက်တော့ ပြဿနာဖြစ်ဆိုတော့ ဆက်မနေရဲတော့ဘူး။ ရရစားစားဆိုတော့ ဒီလိုပဲ ခြေလျှင်လာရတာပဲ။ ခန္တီးရောက်မှပဲ အိမ်ကို ဘယ်လိုပြန်ရမယ်ဆို ဆုံးဖြတ်ရမယ်"ဟု ပြောသည်။

ခြေလျှင်ပြန်လာကြသည့် ရေမဆေးကျောက်ရှာဖွေသူများကို လမ်းမှစောင့်၍ ဒေသခံတစ်ချို့က ထမင်းထုတ်များနှင့်ရေသန့်ဗူးများ ကုသိုလ်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက "ကျွန်တော်တို့က ရိုးရိုးသားသား လူသားချင်းစာနာပြီး ကူညီတာပါ။ ဒါပေမယ့် နောက်ကွယ်က သွေးထိုးတဲ့သူတွေဆိုပြီး စွပ်စွဲမှာလည်း စိုးရိမ်နေရတယ်။ ဒါပေမယ့်အတတ်နိုင်ဆုံးတော့ ကူညီပေးတာပါပဲ"ဟု ပြောသည်။

ထိုသို့ နေရပ်ပြန်လာသူများကို ကူညီပေးရန်အစီအစဉ်ရှိမရှိ မေးမြန်းရန်အတွက် ခန္တီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာနသို့ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

အဆိုပါ ခန္တီးရတနာမြေမှ ရေမဆေးကျောက်ရှာဖွေသူများအား မေလ ၂၆ ရက်မှစတင်၍ ဇွန်လ ၃၀ ရက်နောက်ဆုံးထား ထွက်ခွာပေးကြရန် ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာထုတ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly