ခန္တီးရတနာမှော်ပဋိပက္ခတွင် လူသေဆုံးခဲ့မှုနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမည်

ခန္တီးရတနာမှော်ပဋိပက္ခတွင် လူသေဆုံးခဲ့မှုနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမည်

မန္တလေး၊မေ ၂၁ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မကျန်ခမှော်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ ရေမဆေးကျောက်ရှာဖွေသူတစ်ချို့ ဒဏ်ရာရရှိခဲ့ခြင်းနှင့် သေဆုံးမှုတို့အတွက် မေလ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော်တွင် မေးခွန်းမေးမြန်းသွားမည်ဟု ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှဦးမောင်တေးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော့်မဲဆန္ဒနယ်လည်း ဖြစ်တယ်။ အခုလို လူသေဆုံးမှုအထိတော့ မဖြစ်သင့်ဘူး။ ထုတ်ပြန်ချက်သဘောတရားတွေ သိဖို့အတွက် ရေမဆေးတွေ အကြား အသံချဲ့စက်နဲ့အော်ဖို့တို့၊ စာတွေကပ်ဖို့တို့ လုပ်ရမယ်။ ဒီလိုတွေ လုပ်ဖို့ စီစဉ်နေစဉ်မှာပဲ အခုလိုဖြစ်သွားတယ်။ ဒီဖြစ်စဉ်တွေ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာ သိဖို့အတွက် မေးခွန်းမေးမှာပါ"ဟု ဦးမောင်တေးက ပြောသည်။

ခန္တီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးသည် မေလ ၁၉ ရက်က ဖွဲ့စည်းလိုက်သည့် ခန္တီးရတနာမြေ ပဋိပက္ခစုံစမ်း စစ်ဆေးရေးအဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်းသိရသည်။

"အစိုးရအဖွဲ့က ဘယ်လိုဖြေမယ်ဆိုတာမသိသေးဘူး။ သူတို့အဖြေကိုတော့ ကြည့်ရမယ်"ဟု ဦးမောင်တေးကပြောသည်။

မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်သက်ဆိုင်ရာ ဝန်ကြီးများသည် နန်စီပွန်မှော်နှင့်မကျန်ခမှော်တို့အား သွားရောက်စစ်ဆေးပြီး ခန္တီးရတနာမြေတွင်   ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်ရကုမ္ပဏီများနှင့် ကျောက်စိမ်းရိုင်း တရားမဝင်ရှာဖွေသူ (ရေမဆေး)များကြား ပဋိပက္ခမဖြစ်စေရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၄ ရပ်ကိုချမှတ်၍   ဖြေရှင်းသွားမည်ဟု မေလ ၁၃ ရက်တွင် ခန္တီးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားခဲ့သည်။

ထိုသို့ထုတ်ပြန်ပြောကြားပြီး မေလ ၁၆ ရက်နေ့မှစတင်၍ ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထားကာ ရေမဆေးကျောက်ရှာဖွေသူများ ခန္တီးရတနာမြေမှထွက်ခွာပေးရန် ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး လက်မှတ်ထိုးဖြင့် စာထွက်ခဲ့သည်။ ထိုသို့ စာထွက်အပြီး မေလ ၁၇ ရက်နေ့ ၊ နံနက်ပိုင်းတွင် အဆိုပါဒေသကို လုံခြုံရေးယူထားသူများနှင့်ရေမဆေးကျောက်ရှာဖွေသူတို့ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးဒဏ်ရာရရှိခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူများဘက်မှ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးသေဆုံးခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍လည်း အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း မေလ ၁၉ ရက်က ဖွဲ့စည်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly