အကြမ်းဖက်ရန်စီစဉ်နေသော အိုင်အက်စ်အဖွဲ့ဝင်များဟု သံသယရှိရသူ ၂ဦးကို အန်ကာရာရဲများ ပစ်သတ်

အကြမ်းဖက်ရန်စီစဉ်နေသော အိုင်အက်စ်အဖွဲ့ဝင်များဟု သံသယရှိရသူ ၂ဦးကို အန်ကာရာရဲများ ပစ်သတ်

 မေ ၂၁ ။             ။ တူရကီနိုင်ငံမြို့တော် အန်ကာရာ၌ အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြံစည်နေသော အစ္စလာမ်မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ဝင်များဟု သံသယရှိရသူ ၂ ဦးကို တနင်္ဂနွေနေ့တွင် ရဲများက ပစ်သတ်ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်အဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်။

အဆိုပါနှစ်ဦးသည် အန်ကာရာမြို့တွင်းရှိ ၎င်းတို့နေထိုင်ရာ အက်တီမတ်စ်ဂတ်အရပ်သို့ ရဲများက စစ်ဆင်ရေး တစ်ခုအနေဖြင့် ဝင်ရောက်စီးနင်းချိန်တွင် ရဲများနှင့် အပြန်အလှန်ပစ်ခတ်ရင်း   သေဆုံးခဲ့ကြောင်း  အုပ်ချုပ်ရေးမှူး အာကန်တိုပါကာ၏ ပြောဆိုချက်ကို ကိုးကား၍ နိုင်ငံတော် သတင်းဌာန အန်နာဒိုလူမှ တင်ပြခဲ့သည်။

အမျိုးသား၂ဦးကို အန်ကာရာမြို့ထဲသို့ မောင်းနှင်ပို့ဆောင်ပေးခဲ့သော အဇာဘိုင်ဂျန် အိုင်အက်စ်အဖွဲ့ဝင်ဟု သံသယရှိရသူတစ်ဦးကို အီစတန်ဘူလ်ရဲများက ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းချိန်တွင် ထိုသူ၏ ထွက်ဆိုချက်ကြောင့် ယခုလို စီးနင်းဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

“သံသယရှိရသူ တရားခံတစ်ဦးက အန်ကာရာမြို့ထဲမှာ သူချပေးထားခဲ့တဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ဆောင်ရွက်ရန် စီစဉ်နေတယ်လို့ ထွက်ဆိုခဲ့တာကြောင့် ရဲများက စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု တိုပါကာက ပြောခဲ့သည်။

သံသယရှိရသူနှစ်ဦးဟာ လုံခြုံရေးတပ်ဖွဲ့များကို ပစ်ခတ်ခဲ့တာကြောင့် ရဲများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သူက ပြောခဲ့သည်။

ထိုနှစ်ဦးကို သုတ်သင်ပြီးချိန်တွင် သေနတ်များနှင့် လက်လုပ်ဗုံးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တိုပါကာက ဆက်ပြောခဲ့သည်။

ထိုအမျိုးသား၂ဦး၏ ကိုယ်ရေးအချက်အလက်များနှင့် မည်သည့်လူမျိုးဖြစ်သည်ဆိုတာကို မကြာခင်အတည်ပြု မည်ဖြစ်ကြောင်းနှင့် ထိုသူများသည် အသက် ၂၅နှင့် ၃၀အတွင်းရှိကြောင်း တိုပါကာက ပြောခဲ့သည်။

“ကျနော်တို့ ယုံကြည်ထားတာကတော့ မကြာခင်ရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ သူတို့စီစဉ်နေကြ ပါတယ်။ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ တကယ့်ကို အင်အားပြင်းထန်လှပါတယ်” ဟု သူက ပြောခဲ့သည်။

လွန်ခဲ့သော ၁၈လအတွင်း တူရကီနိုင်ငံသည် အိုင်အက်စ်အဖွဲ့နှင့် ကာဒစ်ရှ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို အလူးအလဲခံစားနေရပြီး အီစတန်ဘူလ်၊ အန်ကာရာနှင့် ဂါဇီယန်တပ်မြို့များတွင် ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းရာချီ၍ သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly