၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် PNLO အဖွဲ့က ၁၉ ဦး ရွေးချယ်

၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် PNLO အဖွဲ့က ၁၉ ဦး ရွေးချယ်

ချင်းမိုင်၊မေလ ၂၀ ။            ။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ် ၁၉ ဦး ရွေးချယ်ကာ လာမည့် အောက်တိုဘာလတွင် ညီလာခံ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

မေလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ကျင်းပခဲ့သော PNLO ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ် ၁၉ ဦး ကို PNLO နှင့် အရပ်ဘက်လူထုအခြေပြု အဖွဲ့အစည်းထဲမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာသယံဇတနှင့် သဘောဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများအပေါ် ဆွေးနွေးတင်ပြနိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်ဟု PNLO ၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“ညီလာခံ တက်မဲ့ ကိုယ်စားလှယ်အနေနဲ့ ၁၉ ဦး ကျွန်တော်တို့အဖွဲ့ချုပ်ထဲကရော၊ ကျွန်တော်တို့ လူထု ကိုယ်စားလှယ်တွေထဲကရော တက်မယ်။ ကျွန်တော်တို့က အဖွဲ့ချုပ်ကနေ ကိုယ်စားလှယ်ထဲမှာ ကဏ္ဍ ငါးရပ်စလုံးမှာ ဆွေးနွေးနိုင်မဲ့ ကိုယ်စားလှယ်တွေ ထည့်ထားတယ်။ ဒီထဲမှာ ကျွန်တော်တို့ အဖွဲ့ချုပ်က ဗဟိုကော်မတီဝင်တွေ ပါတယ်။ တပ်မှူး၊ တပ်သားတွေပါတယ်။ တချို့ လူထုကိုယ်စားလှယ်တွေ ပါတယ်။ လူထုကိုယ်စားလှယ်ဆိုတာ ဒီကဏ္ဍတွေမှာ လုပ်ငန်းကျွမ်းကျွမ်း ကျင်ကျင်ဆောင်ရွက်နေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ သူတို့က ကျွန်တော်တို့အဖွဲ့ရဲ့ ကိုယ်စားလှယ် အနေနဲ့ ပါဝင် တက်ရောက်မှာ ဖြစ်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

PNLO အနေဖြင့် ပြီးခဲ့သည့် ရှမ်းပြည်နယ် ဟိုပုန်းမြို့တွင် ကျင်းပခဲ့သော ပအိုဝ်းလူမျုးိအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်အပေါ် အခြေခံ၍ ကဏ္ဍအလိုက် ညီလာခံသို့ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

 ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှ ကဏ္ဍ ၅ ရပ်မှ သဘောတူထားသည့် ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်ခြင်း၊ PNLO ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဌာန်းချက်နှင့်အညီ ဒုတိယအကြိမ်မြောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ညီလာခံကြီးကို အောက်တိုဘာလတွင် ကျင်းပရန် သဘောတူဆုံးဖြတ်၍ ညီလာခံကျင်းပရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ခြင်းနှင့်အတူ ရှမ်းပြည်ညီညွတ်ရေး၊ ရှမ်းပြည်တွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းသော ရှမ်းပြည်ဖြစ်ရေးအတွက် ပအိုဝ်းပြည်သူများ၊ ရှမ်းပြည်သူများ အပ်အဝင် ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေလ ၂၀ ရက်နေ့က ၎င်းတု့ိ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PNLO သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။

မေလ ၂၄ ရက်မှ ၂၈ ရက်ထိ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ် ၉၀၀ ဖိတ်ကြားသွားမည် ဖြစ်ပြီး ထိုအထဲတွင် NCA လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို အထူးဖိတ်ကြားသူများ အဖြစ် ဖိတ်ကြားသွားမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags