ဘိုကိုဟာရမ်တို့လက်ထဲမှ လွတ်မြောက်လာသော နိုင်ဂျီးရီးယားကျောင်းသူလေးများ သူတို့၏ မိဘများနှင့် ပြန်လည်ပေါင်းစည်း

ဘိုကိုဟာရမ်တို့လက်ထဲမှ လွတ်မြောက်လာသော နိုင်ဂျီးရီးယားကျောင်းသူလေးများ သူတို့၏ မိဘများနှင့် ပြန်လည်ပေါင်းစည်း

 မေ ၂၁ ။             ။ ဘိုကိုဟာရမ် အစ္စလာမစ်အကြမ်းဖက်တို့၏ လက်ထဲမှ ယခုလအစောပိုင်းတွင် ပြန်လည်လွတ်မြောက်လာသော နိုင်ဂျီးရီးယားနိုင်ငံ ချီဘော့ခ်မြို့မှ ကျောင်းသူလေး ၈၂ဦးသည် ပြီးခဲ့သော စနေနေ့က သူတို့၏ မိဘများနှင့် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။

နိုင်ဂျီးရီးယား၏မြို့တော် အဘူဂျာ၌ ကျင်းပခဲ့သော ပြန်လည်ပေါင်းစည်းပွဲတွင် ဖခင်များက သူတို့၏ သမီးငယ် လေးများကို တင်းကြပ်စွာဖက်ထားခဲ့ကြသလို မိခင်များကလည်း ပျော်ရွှင်မှုကြောင့် မျက်ရည်များကိုသုတ်လျက် ကျယ်လောင်စွာအော်ဟစ်ခဲ့ကြသည်။

အားရပါးရပြုံးနေသော ဖခင်တစ်ဦးက သူ၏ သမီးဖြစ်သူကို မချီကာ လေထဲ၌ လွှဲယမ်းနေလျက်ရှိသည်။

မိဘများသည် သူတို့၏ သမီးများကို မတွေ့ရသည်မှာ လွန်ခဲ့သော ၂၀၁၄ခုနှစ် ဧပြီလကတည်းကဖြစ်ပြီး ထိုအချိန်က ဂျီဟတ်အစွန်းရောက်များသည် နိုင်ဂျီးယား အရှေ့မြောက်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှ   ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲသွားခဲ့ကြသည်။

“ကျနော်အလွန်ကို ပျော်ရွှင်ရပါတယ်။ ကျနော်သူမနဲ့ တွဲကနေခဲ့ပါတယ်။ သူမကလည်း အလွန်ကိုပျော်ရွှင်နေခဲ့ ပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသော ကျောင်းသူ ၈၂ဦးထဲမှ   ကျောင်းသူလေးတစ်ဦးကို သူ၏ ရင်သွေး အရင်းအချာကဲ့သို့ ပြုစုစောင့်ရှောက်ခဲ့သော ဦးလေးဖြစ်သူ ယာကူဘူအန်ကီကီက ပြောခဲ့သည်။

“ဒီနေ့တော့ လူတိုင်း အတူတကွ ကခုန်နေကြပါတယ်။ သက်ကြီးရွယ်အိုတွေတောင်မှ ကခုန်နေကြပါတယ်” ဟု အန်ကီကီက ပြောခဲ့သည်။

“ကျနော်တို့အားလုံး မျှော်လင့်ချက်တွေ ပျောက်ဆုံးနေခဲ့ကြတာပါ။ ကျနော်တို့ရဲ့ သမီးလေးတွေ ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူးလို့ကို ထင်ခဲ့ကြတာပါ” ဟု သူက ဆက်ပြောခဲ့သည်။

အန်ကီကီက မိဘများနှင့် ကျောင်းသူလေးများသည် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းအတူတကွ တက်ရောက် မည်ဖြစ်ပြီး လာမည့်အပတ် အစောပိုင်းတွင် အိမ်သို့ ပြန်ကြမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုအတောအတွင်း ကျောင်းသူလေးများသည် အစိုးရအဆောက်အအုံ၌ နေထိုင်ကာ စိတ်ရောဂါကုထုံးများ ခံယူ ပြီး အသက်မွေးမှု ပညာရပ်သင်တန်းများကို တက်ရောက်မည်ဖြစ်သည်။

နိုင်ဂျီးရီးယား အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ဝန်ကြီးဖြစ်သူ အိုက်ရှာအယ်ဟတ်ဆန်က အစိုးရ၏ ရည်မှန်းချက် မှာ ကယ်ဆယ်ထားသော ချီဘော့ခ်ကျောင်းသူလေးများကို လာမည့်စက်တင်ဘာလ၌ ကျောင်းထားပေးနိုင်ရေး ဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly