နိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍတွင် ကန်ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည်ဟု Oxley ဆို

နိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍတွင် ကန်ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည်ဟု Oxley ဆို

မေ ၂၁ ။             ။ ရန်ကုန်မြို့ ဒုတိယစီးပွားရေးအချက်အချာမြို့တော် မရမ်းကုန်းမြို့နယ်တွင် အဆင့်မြင့်စုပေါင်းအိမ်ရာတစ်ခု တည်ဆောက်ရန်ရှိသည့် စင်ကာပူအခြေစိုက် အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီ Oxley Holdings လီမိတက်သည် မြန်မာနိုင်ငံ၏ အိမ်ရာဖော်ထုတ်မှုကဏ္ဍတွင် အလားအလာရှိသော စီမံကိန်းမြေနေရာများတွင် ပြည်တွင်းမိတ်ဖက်နှင့်ပူးပေါင်းကာ အမေရိကန် သန်း ၅၀၀ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု Oxley ၏ အကြီးအကဲဖြစ်သူ ချင်ချောက်ကွမ်က မဇ္ဈိမသို့ ထုတ်ဖော်ပြောဆိုထားသည်။

“အမှန်တော့ ဘယ်ကုမ္ပဏီနဲ့မဆို ကျွန်တော်တို့က ဘတ်ဂျက်ငွေတွေကို ခွဲဝေသုံးစွဲတတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံချင်လဲပေါ့။ လောလောဆယ်တော့ သင့်တော်ကောင်းမွန်တဲ့ မြေနေရာတွေအတွက် အမေရိကန်ဒေါ်လာသန်း ၅၀၀ လောက် ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေပါတယ်။ အခုလည်းဒီစီမံကိန်းပြီးရင် နောက်ထပ် စီမံကိန်း ၂ ခု၊ ၃ ခု လောက်မှာ ရင်းနှီးမြှုပ်နှံဖို့ ရှာဖွေနေပါတယ်”ဟု ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ချင်ချောက်ကွမ်က ဆိုသည်။

ချင်ချောက်ကွမ်သည် မြန်မာနိုင်ငံဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးပိုင်ဆိုင်သည့် မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအုပ်စုနှင့် အကျိုးတူပူးပေါင်းကာ ကန်ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှုပ်နှံမှု တန်ကြေးရှိ အဆင့်မြင့်အိမ်ရာတစ်ခုကို ယခုနှစ်အတွင်း တည်ဆောက်ရန် သဘောတူညီထားပြီး ဖြစ်သည်။

ချင်ချောက်ကွမ်အနေနဲ့ ယင်းဖွံ့ဖြိုးမှုစီမံကိန်းအပြင် ရန်ကုန်မြို့လို အလားအလာရှိသောဈေးကွက် ဖြစ်ထွန်းနိုင်မည့်နေရာများတွင်လည်း ဆက်လက်ရင်းနှီးမြှုပ်နံှလိုသည်ဟု ပြောပြလာသည်။

မိတ်ဖက်ဖြစ်သူ မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးရောင်ဟိုက ကုမ္ပဏီ ၂ ခု၏ ရှေ့ဆက်လုပ်ကိုင်မည့် စီမံကိန်းတစ်ခုနှင့် ပတ်သက်ပြီး“လက်ရှိ ကျွန်တော်တို့နဲ့ Oxley တို့ Project အကြီးကြီးတစ်ခု လုပ်ထားတယ်၊ အခုကျွန်တော်တို့က လက်ထဲမရောက်တာ ဖြစ်တဲ့အတွက် ပြောလို့ မရဘူး။ ခွင့်ပြုချက်မရသေးဘူး။ သူကတော့ ရုံးခန်းပါမယ်၊ အိမ်ရာပါမယ်၊ ဟိုတယ်တွေ ပါမယ်။ Compound တစ်ခုပေါ့”ဟု မဇ္ဈိမ၏ မေးမြန်းမှုကို အထက်ပါအတိုင်းပြောဆိုထားသည်။

Oxley Holdings အနေနှင့် ရန်ကုန်ဘူတာကြီးဖွံ့ဖြိုးမှုစီမံကိန်းအတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ရွေးချယ်ခံရပါက အမေရိကန်ဒေါ်လာသန်း ၅၀၀ ထက်မနည်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းလည်း ချင်ချောက်ကွမ်က ပြောပြလာသည်။

“မကြာခင်သေးခင်ကလည်း ရန်ကုန်ဘူတာကြီးစီမံကိန်းအတွက်လည်း တင်ဒါဝင်ပြိုင်ထားပါတယ်။ အကျိုးစီးပွားဖက်အနေနဲ့ပေါ့။ ဒီစီမံကိန်းက ကြီးမားထင်ရှားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ ရွေးချယ်ခံရတယ်ဆိုရင် အမေရိကန်ဒေါ်လာသိန်း ၅၀၀ ထက်မနည်း ရင်းနှီးမြှုပ်နံှသွားဖို့လည်း ရှိနေပါတယ်”ဟု ပြောသည်။

အိမ်ရာဖွံ့ဖြိုးမှုနှင့် တည်ဆောက်ရေးကုမ္ပဏီ Oxley Holdings သည် ၂၀၁၀ ခုနှစ်တွင် စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းတင်ခဲ့ပြီး မကြာသေးခင်က အမေရိကန်ဒေါ်လာသန်း ၃၀၀ တန်ကြေးရှိ ငွေစုစာချုပ်များ တိုးမြှင့်နိုင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly