ဆိုင်ကယ်လုယက်သူများက ဓားဖြင့် ခုခံ၍ ရဲက သေနတ်နှင့်ပစ်ဖမ်း

ဆိုင်ကယ်လုယက်သူများက ဓားဖြင့် ခုခံ၍ ရဲက သေနတ်နှင့်ပစ်ဖမ်း
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ မေလ ၂၁ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့) မြို့နယ်နေ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ အသက် ၄ဝအရွယ် နေမျိုးထွန်းအား ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သွားသူ သုံးဦးကို ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ဓားဖြင့် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ် (အရှေ့) မြို့နယ်၊ ၁၂ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက တာဝန်ထမ်းဆောင်နေစဉ် မေလ ၁၉ ရက်၊ ည ၁၁ နာရီအချိန်ခန့်  ၁၁၈ ရပ်ကွက်၊ ဦးမြူလမ်းပေါ်ရှိ ရထားသံလမ်းအနီးတွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ အသက် ၄ဝ အရွယ် နေမျိုးထွန်းအား ဓားခုတ်ဒဏ်ရာဖြင့် လဲနေသည်ကို တွေ့ရှိခဲ့ရသည်။

ဒဏ်ရာရရှိသူ နေမျိုးထွန်းက အမည်မသိအမျိုးသားသုံးဦးက ဆိုင်ကယ်ကိုတားပြီး ဓားဖြင့်ခုတ်ကာ Wave-110 ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားသည်ဟု ပြောပြခဲ့ကြောင်း ဒဂုံမြို့သစ်( အရှေ့) မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ဓားဖြင့်ခုတ်ခံရသူ နေမျိုးထွန်းကို မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသွားခဲ့ပြီး ကျူးလွန်သူများကို စုံစမ်းအရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ဒဂုံမြို့ သစ်( အရှေ့ ) မြို့မ ရဲစခန်းမှ (ပ)၄၀၀/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၀ ရက်တွင် ပြစ်မှုကျူးလွန် ရာတွင် ပါဝင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ  အသက် ၃၄ နှစ်အရွယ် သန့်ဇင်ဦးဆိုသူအား ည ၁၁ နာရီ ၅ဝ မိနစ်ခန့်တွင် ၁၃၃ ရပ် ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် မောရဝတီလမ်းထောင့်၌ တွေ့ရှိခဲ့ပြီး ဖမ်းဆီးရာ ရဲတပ် ဖွဲ့ဝင်များအား ဓားဖြင့်ခုခံသဖြင့် ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်းသိရသည်။

ထွက်ပြေးလွတ်မြောက်နေသော ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် အသက် ၂၁ နှစ်အရွယ် ဟိန်းထက်ကို (ခ) ဟိန်းထက်ဇော်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ပူးပေါင်းတပ်ဖွဲ့ဝင် များက မေလ ၂ဝ ရက်နေ့၊ မနက် ၉ နာရီအချိန်တွင် ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်( ဆိပ်ကမ်း )မြို့နယ်၊ (၆၉) ရပ်ကွက် နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သော လွတ်မြောက်နေသူတစ်ဦးကို ပိတ်ဆို့ရှာဖွေနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly