အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ဆိုင်းငံ့ပေးရန် တီးမားတောင်းဆို

အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ဆိုင်းငံ့ပေးရန် တီးမားတောင်းဆို

မေ ၂၁ ။             ။ ဘရာဇီးသမ္မတ မိုက်ကယ်တီးမားသည် စွပ်စွဲခံထားရသော သူ၏ အမှုကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေမှု များအား ဆိုင်းငံ့ပေးရန် နိုင်ငံတော်တရားရုံးချုပ်ကို စနေနေ့က တောင်းဆိုခဲ့ပြီး  သက်သေအထောက်အထား များသည် မှားယွင်းနေကြောင်း ပြောဆိုခဲ့သည်။

ထောင်ကျနေသော နိုင်ငံရေးသမားတစ်ဦးထံသို့ တီးမားသည် လာဘ်ငွေပေးရန် ဆွေးနွေးနေခဲ့ပုံကို လျှို့ဝှက် အသံဖမ်းခံထားရပြီး ထိုအသံဖိုင်သည် လိမ်လည်ထားခြင်းဖြစ်ကြောင်း တီးမားက ပြောခဲ့သည်။

လျှို့ဝှက်အသံဖမ်းထားသော ထိုအသံဖိုင်ကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် O Globo သတင်းစာက ဖော်ပြခဲ့ပြီး သောကြာနေ့တွင် နိုင်ငံတော်တရားရုံးချုပ်က တရားဝင်စုံစမ်းစစ်ဆေးရန် အမှုဖွင့်ခဲ့သည်။ ထို့နောက်တွင် တီးမားသည် နိုင်ငံတော်ရုပ်သံမှ တဆင့် သူနှုတ်ထွက်မည်မဟုတ်ကြောင်း ကြေညာခဲ့သလို ယခုအခါတွင် ဒုတိယအကြိမ်အဖြစ် လူသိရှင်ကြား ထပ်မံပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုငွေကြေးအရှုပ်အရှင်း ကိစ္စနှင့် ပတ်သက်၍ တီးမားကို နှုတ်ထွက်ပေးရန် သို့မဟုတ် စွဲချက်တင်ခံရရန် လွှတ်တော်၌ တောင်းဆိုခဲ့ကြသည်။

တီးမားကလည်း သူ၏ ရာထူးကို ဆက်လက်ဆုပ်ကိုင်ပြီး ရင်ဆိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း သံဓိဌာန်ချထားခဲ့ သလို ပြီးခဲ့သော စနေနေ့တွင် နိုင်ငံတော်ရုပ်သံမှ တဆင့်ပြောဆိုခဲ့သော သူ၏မိန့်ခွန်းသည် ပထမဦးဆုံးအကြိမ် အဖြစ် တုံ့ပြန်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

လျှို့ဝှက်အသံဖမ်းထားသော ထိုအသံဖိုင်သည် ကြိုးကိုင်ခြယ်လှယ်သူရှိကာ လိမ်လည်ထားခြင်းဖြစ်ကြောင်း သူက ပြောဆိုခဲ့ပြီး ရာထူးမှ နှုတ်ထွက်မည်မဟုတ်ကြောင်း ထပ်မံ၍ အခိုင်အမာပြောကြားခဲ့သည်။

“ကျနော် အစိုးရအဖွဲ့တစ်ခုလုံးကို ဆက်လက်ပြီး ဦးဆောင်သွားမှာဖြစ်ပါတယ်” ဟု တီးမားက ပြောခဲ့ပြီး သူအဆိုပြုခဲ့သည့် ခြိုးခြံရေးအစီအမံကြောင့် ဘရာဇီးသည် နိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ကြုံတွေ့နေရသော စီးပွားရေးကျဆင်းမှုထဲမှ ရုန်းထွက်နိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly