မန္တလေးမှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ၄၇ တုံး ဖမ်းမိ

မန္တလေးမှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ၄၇ တုံး ဖမ်းမိ
ဓာတ်ပုံ-ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း
 

ရန်ကုန်၊ မေလ ၂၁ ။          ။ မန္တလေးမှ မူဆယ်ဘက်ရှိ တရုတ်ပြည်အတွင်းသို့ တရားမဝင်သယ်ဆောင်လာသော အရွယ်အစား အမျိုးမျိုးရှိ ကျောက်စိမ်းအရိုင်းတုံး ၄၇ တုံးအား ရေပူစခန်းမှ တစ်မိုင်အကွာ ရေပူကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မေလ ၂၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

မေလ ၂ဝ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်တွင် အဆိုပါ တရားမဝင်ကျောက်စိမ်းရိုင်းတုံးများ သယ်ဆောင်လာသောကားမှာ ရေပူဂိတ်အတွင်းသို့ ဝင်လာခြင်းမရှိဘဲ ဂိတ်မှ တစ်မိုင်အကွာရှိ ရေပူရွာအနီးတွင် သွားရပ်ထားသည့်အတွက် သွားရောက်စစ်ဆေးခဲ့ရာ ကားနောက်ခန်းအတွင်း အံဝှက်များပြုလုပ်ပြီး တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ၄၇ တုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ကားကလည်း လိုင်စင်မဲ့ကားပါ။ သယ်လာတဲ့ ကားသမားကိုလည်း ဖမ်းဆီးရမိခဲ့တယ်။ ဒီဖမ်းမိတဲ့ ကျောက် စိမ်းအရိုင်းတုံးတွေကို မန္တလေးဘက်ကနေ မူဆယ်ဘက်ကို သယ်လာတာပေါ့။ တရုတ်ပြည်ပို့ဖို့အတွက် ”ဟု ဦးတက်ထွန်းအောင်ကပြော သည်။

ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းအရိုင်းတုံးများမှာ ၆၃ဝ ကီလိုဂရမ်ခန့် ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၃၁၅ သိန်း ခန့်ရှိပြီး ကျောက်စိမ်းရိုင်းတုံးအကြီးမှာ ၁၁ တုံး၊ အလတ် ၄ တုံးနှင့် အသေး ၃၂ တုံး၊ စုစုပေါင်း ကျောက်စိမ်း အရိုင်းတုံး ၄၇ တုံးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးရမိခဲ့သည့် လိုင်စင်မဲ့ကားနှင့် ကျောက်စိမ်းရိုင်းတုံးများကို လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန ရုံးသို့ လွှဲအပ်လိုက်ပြီး ကားသမားအား သိနီမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ်ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly