နှစ်နိုင်ငံနယ်စပ် မြစ်များမှ ရေလွှဲသွယ်ယူရန် ထိုင်းအစိုးရ ချိန်ဆနေ

နှစ်နိုင်ငံနယ်စပ် မြစ်များမှ ရေလွှဲသွယ်ယူရန် ထိုင်းအစိုးရ ချိန်ဆနေ
သောင်ရင်းမြစ်အား ဖြတ်ကူးနေကြစဉ်။ (Photos - Robert Tofani)

သြဂုတ် ၁ ရက် ။         ။ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ရှိ မဲခေါင်၊ သောင်ရင်း (Moei) နှင့် သံလွင် (Salween) မြစ်များမှ ရေများကို ထိုင်းနိုင်ငံ စိုက်ပျိုးမြေများသို့ ရေလွှဲသွယ်ယူရန် ထိုင်းအစိုးရက ချိန်ဆနေ သည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောသည်။

ထိုင်းနိုင်ငံ ၉ ပြည်နယ်မှ ခရိုင်ပေါင်း ၄၈ ခုတွင် ကာလရှည် မိုးခေါင်ရေရှားမှုဒဏ်ကြောင့် လယ်ယာစိုက်ခင်းသီးနှံများ ပျက်စီးသဖြင့် ဘေးဒုက္ခကြုံနေသည့် တောင်သူလယ်သမားများအတွက် ထိုင်းအစိုးရက အဖြေရှာနေခြင်းဖြစ်သည်။

"ဖြစ်နိုင်တာမှန်သမျှကို လေ့လာသွားဖို့လိုတယ်။ ထိုင်းနိုင်ငံရဲ့ ဆည်ရေပေးရေးစနစ်မှာ အသုံးဝင်မယ့် သတင်းအချက် အလက်မှန်သမျှ ရှာဖွေလေ့လာဖို့လိုပါတယ်။" ဟု ဝန်ကြီးချုပ်က အပတ်စဉ်နိုင်ငံတော် ရုပ်သံလွှင့်အစီအစဉ် Bringing Happiness to Thai People တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ လယ်ကွင်းများသို့ ရေသွယ်ပေးဝေရန်အတွက် မြစ်လေးစင်းကို အားထားနိုင်ကြောင်း၊ ပထမဆုံး စတင် လုပ်ဆောင်ရမည်မှာ အခြားနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

"ကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးအမြတ်များ ပိုမိုဆောင်ကြဉ်းနိုင်ရေး သံလွင်၊ သောင်ရင်းနဲ့ မဲခေါင်မြစ်တွေကနေ ဆည်ရေသွယ်ပြီး လယ်ကွင်းတွေကို ပေးဝေဖို့ လိုအပ်လိမ့်မယ်။" ဟု ဝန်ကြီးချုပ် ကပြောသည်။

စိုက်ပျိုးရေးကဏ္ဍ ရေလိုအပ်ချက်ကို ဖြေရှင်းရန်အတွက် နယ်စပ်မြစ်များမှ ရေသွယ်ခြင်းအစီအစဉ်ကို လုပ်ဆောင်ဖြစ်ပါက ၂၀၂၆ ခုနှစ်အတွင်း ယင်းစီမံကိန်းက ပြီးစီးနိုင်ဖွယ်ရှိသည်။

သံလွင်နှင့် သောင်ရင်းမြစ်များသည် ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသည်။ မဲခေါင်မြစ် တစ်စိတ်တစ်ပိုင်းသည် လာအိုနှင့် ထိုင်းနယ်စပ်တွင်တည်ရှိခြင်းဖြစ်သည်။ မဲခေါင်အောက်မြစ်ဝှမ်းသည် ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်သည့် မဲခေါင်မြစ်ကော်မရှင်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင်ရှိသည်။

ယခု နယ်စပ်မြစ်များမှ ရေသွယ်ယူရေးအစီအစဉ်သည် ထိုင်းနိုင်ငံအတွက် ပထမဆုံးစီစဉ်ခြင်းမဟုတ်ဘဲ ယခင် ဝန်ကြီးချုပ်ဟောင်း ဆမ်မတ်ဆန်ဒရာဝတ်လက်ထက် ၂၀၀၈ ခုနှစ်အတွင်းက မဲခေါင်မြစ် မှရေသွယ်ယူမည့် စီမံကိန်းကို အဆိုပြုဖူးသည်။ သို့သော်လည်း အဆိုပါစီမံကိန်းသည် ထိုင်းနိုင်ငံနှင့် ပြင်ပမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများ၏ အပြင်းအထန်ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ ရသည်။

Source – Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly