အမျိုးသားရေးဝါဒီများအား ပြည်ထဲရေးက အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ရန် ရွှေဝါရောင်သံဃာတော်များ ကြေညာချက်ထုတ်

အမျိုးသားရေးဝါဒီများအား ပြည်ထဲရေးက အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ရန် ရွှေဝါရောင်သံဃာတော်များ ကြေညာချက်ထုတ်
သတင်း၊ ဓာတ်ပုံ- ဒေါင်းလူ၊ ကိုစိန္တာမော်

(ရန်ကုန်၊ မဇ္ဈိမ) မေ  ၂၀ ။    ။ အစွန်းရောက်အမျိုးသားရေးဝါဒီများကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ ထုတ်ပြန်ညွှန်ကြားချက်ဖြစ်သည့် ဓမ္မစက်နှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအခန်း ၂၀ အရ ပြည်ထဲရေးဝန်ကြီးဌာနက အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ရန် ရွှေဝါရောင်သံဃာတော်တွေက ယနေ့ မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ်တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေဝါရောင်ပညာဒါနကျောင်းတွင် ယနေ့ မေလ ၂၀ ရက်၌ ပြုလုပ်ခဲ့သည့် အထူးအစည်းအဝေးတွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အစွန်းရောက်အမျိုးသားရေးဝါဒီများနှင့် သံဃာတော်၊ လူပုဂ္ဂိုလ်တစ်ချို့၏ ဆောင်ရွက်ချက်များသည် တရားဥပဒေစိုးမိုးမှုမရှိသည့်အနေအထားဖြစ်နေသည့်အတွက် တားဆီးနိုင်ရန်  ရွှေဝါရောင်သံဃာတော်များ၏ အထူးအစည်းအဝေးပြုလုပ်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"သံဃာတစ်ချို့နဲ့လူတစ်ချို့ကနေပြီးတော့ ဘာသာရေးပဋိပက္ခအသွင် ဖန်တီးနေတဲ့ကိစ္စတွေ ရှိနေတယ်။ ဒီပဋိပက္ခတွေက တရားဥပဒေစိုးမိုးမှုမရှိလို့၊ သူတို့ကို ပြေးခွင့်ပေးထားလို့ ပြေးချင်ရာပြေးနေကြတာ၊ သူတို့ ပြေးတဲ့ရည်ရွယ်ချက်ဟာ လမ်းဘေးမှာရှိတဲ့ အဆောက်အအုံ၊ ခြံစည်းရိုးတွေ အကုန်လုံး ဖျက်လိုဖျက်ဆီပြေးတဲ့ ပုံစံမျိုးဖြစ်နေတာ"ဟု ရွှေဝါရောင်ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

ရွှေဝါရောင်သံဃာတော်များ၏ ထုတ်ပြန်ချက်တွင် အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဟောပြောချက်များ၊ ရေးသားချက်များသည် ပဋိပက္ခအသွင်သဏ္ဍာန်သို့ ဖန်တီးသိမ်းသွင်းရာရောက်သဖြင့် ပြည်သူလူထုအနေဖြင့် သိရှိနားလည်ပြီး ကန့်ကွက်ရှုတ်ချ၍ မိမိတို့၏ သားသမီးများကို ပါဝင်ပတ်သက်ခြင်းမရှိရန်၊ ထိန်းသိမ်းကြရန် မေတ္တာရပ်ခံချက်ကို ဖော်ပြထားသည်။ ထို့ပြင် ၂၁ရာစု ပင်လုံညီလာခံကြီးအား အပြည့်အဝထောက်ခံတိုက်တွန်းရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီဆောင်ရွက်ကြရန်လည်း  မေတ္တာရပ်ခံချက် ဖော်ပြထားသည်။

သံဃာတော်အချင်းချင်းထိန်းသိမ်းသည်မှာ သင့်လျော်ပြီး၊ ကြေညာချက်ထုတ်ရုံတင်မဟုတ်ဘဲ လူထုကြားထဲ ပဋိပက္ခအသွင်ဖန်တီးနေသည့်ကိစ္စများ ငြိမ်းအေးရန် ဆောင်ရွက်သင့်သည်ဟုလည်း ရွှေဝါရောင်သံဃာတော်ဖြစ်ခဲ့ဖူးသူ ကိုရဲမင်းနောင်က ဆိုသည်။

"အမျိုးသားရေးအစွန်းရောက်တွေကို ထိန်းကျောင်းချင်လို့ လုပ်တာလို့မြင်တယ်။ ဒါဟာ သံဃာကို သံဃာအချင်းချင်း ထိန်းမှဖြစ်မယ်ဆိုတဲ့စကားကသိပ်မှန်တယ်။ ကြေညာချက်ထုတ်ရုံတင်မဟုတ်ဘဲနဲ့ ပြည်သူတွေ နားလည်မယ့် စကားလုံးတွေနဲ့ ပြည်သူတွေကြားထဲမှာ ပဋိပက္ခငြိမ်းအေးမယ့် တရားတွေကို ရွှေဝါရောင်သံဃာတော်တွေ ဆောင်ရွက်တော်မူဖို့လည်း လိုသေးတယ်။ အဲဒီလိုလုပ်ဖို့လည်း တိုက်တွန်းတယ်"ဟု ကိုရဲမင်းနောင်က ပြောသည်။

ဆွေးနွေးပွဲကို နိုင်ငံရေးအင့်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စားရေးဆရာ ထင်လင်းဦးလည်း တက်ရောက်ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly