ထန်းသီးဆံ အမဲသား ချဉ်ငံစပ်

ထန်းသီးဆံ အမဲသား ချဉ်ငံစပ်
 

မင်္ဂလာပါ

 ဒီတပတ်တော့ အညာစာလေး ချက်စားဖို့ ပြင်ဆင်ထားပါတယ်။ နွေရက်တွေမှာ ထမင်းဟင်းမြိန်မြိန်စားနိုင်ဖို့ ဆိုတာလည်း တကယ်ကို မလွယ်တာပါ။ အိမ်သားတွေ ထမင်းဟင်း စားမြိန်စေဖို့ ချက်ရ ပြုတ်ရတဲ့ အိမ်ရှင်မတွေ အတွက်   အခုရာသီမှာ ပေါပေါများများတွေ့နိုင်တဲ့ ထန်းသီးဆံ ၊ မန်ကျည်းရွက်နုလေးတွေနဲ့ အမဲသားတို့ကို ချဉ်ငံစပ် လေး ချက်နည်းလေး ပြောပြပေးချင်ပါတယ်။ ။နွေနေပူပူမှာ ထမင်းမြိန်စေဖို့တော့ အာမခံပါတယ်။

ဟင်းချက်ဖို့လိုအပ်တာတွေကတော့

အမဲသား ၂၀သား( ခပ်သေးသေးတုံးပြီး ဆားဆနွင်းနယ် နှပ်ထားပါ)

ထန်းသီးဆံ မနုမရင့် ၈ ခု( အခွံဖယ် ၊ ပါးပါးလှီးထားပါ)

မန်ကျည်းရွက် အနည်းငယ်

ကြက်သွန်ဖြူ /နီ အနည်းငယ်

ငရုတ်သီးမှုန့် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ဟင်းစချက်ဖို့အတွက် ကြက်သွန်ဖြူ နီ နဲ့ ငရုတ်မှုန့်တို့ကို ထောင်းပါ။ ပြီးရင်တော့ ဆီအနည်းငယ်နဲ့ မွှေးလာတဲ့အထိ ဆီသတ်ပါ။ ပြီးရင်တော့ အမဲသား ထည့်ပါ။

အမဲသား ထည့်ပြီး အညှီနံ့ ပျောက်တဲ့ထိ လုံးပေးပါ။ အနှစ်နဲ့ အမဲသား သမပြီး အမဲသား အပေါ်ယံကျက်အောင် မွှေပေးပါ။

ပြီးရင်တော့ အနေတော်လှီးထားတဲ့ ထန်းသီးဆံ မနုမရင့်လေးတွေကို ထည့်ပါ။

ထန်းသီးဆံနဲ့ အမဲသားကို သမအောင် မွှေပါ။

မန်ကျည်းရွက်နုလေးထည့်ပြီး ရင်တော့ အသားကို ရေမြှုပ်တဲ့အထိ ထည့်ပြီး မီးအေးအေးနဲ့သာ ချက်ပါ။ အိုးမကပ်အောင် ဂရုစိုက်ပါ။

ရေခမ်းကာနီးရင်တော့ အပေါ့အငန်မြည်းဖို့ မမေ့ပါနဲ့။ မန်ကျည်းရွက်ထည့်တာ များသွားပြီး အချဉ်ဓာတ် များသွားရင်တော့ ငံပြာရည် အနည်းငယ်ထည့်နိုင်ပါတယ်။ ရေခမ်းပြီး ဆီလည်ရေလည်လေး ဖြစ်ရင်တော့ ရပါပြီ။

အခုဆိုရင်တော့ အညာဒေသရဲ့ရနံ့တွေ သင်းပျံ့နေတဲ့ အမဲသားနဲ့ ထန်းသီးဆံဟင်းလေးရပါပြီ၊ အမဲသား မစားကြသူတွေဆိုရင်လည်း ဆိတ်သား၊ ကြက်သားတို့ အစားထိုးပြီး ချက်စားလို့ ရပါတယ်။ ထန်းသီးဆံ မနုမရင့်လေးကို တထုတ်ထုတ်နဲ့ ဝါးရင်း၊ နွေနေပူပူကို အန်တုကြရအောင်။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly