၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ပေါက်တော၊ မေ ၂၀ ရက်။              ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြင်မကျေးရွာမှ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး မေလ ၁၉ နေ့ ၁၀ နာရီခွဲအချိန်ခန့်တွင် အဓမ္မပြုကျင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အဓမ္မပြုကျင့်ခံလိုက်ရသည့် ကလေးငယ်မှာ အလယ်ဖရုံကာကျွန်းရှိ ပြင်မကျေးရွာတွင် နေထိုင်သူ မ------ ဖြစ်ပြီး ဒေါ် အောင်ကျော့ဖြူ၏ သမီးဖြစ်ကာ ပြုကျင့်သူမှာ ပေါက်တောမြို့နယ်   ကျောက်တောင်ကျေးရွာနေ (ဘ) ဦးကျော်ယဉ်၏ သား မောင်ကျော်ဆန်းလှိုင် (ခ) ဆန်းကြီး အသက် ၂၀ နှစ် ဖြစ်ကြောင်းသိရသည်။

 “ကျွန်မ ဈေးသွားနေတုန်း သမီးလေးက အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ ဈေးက ပြန်လာတော့ ကျော်ဆန်းလှိုင်က ကျွန်မသမီးလေးကို  အိမ်ပေါ်မှာ အဓမ္မပြုကျင့်နေတာကို တွေ့ပါတယ်။ ကျွန်မ သူ့ကို ဆွဲတော့ သူထွက်ပြေးသွားတယ်။ အဲဒီတော့ ရဲစခန်းကို သွားတိုင်တယ်။ ရဲတွေက သူကို လိုက်ရှာပြီး နောက် တစ်အိမ်မှာအိပ်နေတုန်း ဖမ်းမိသွားပါတယ်’’  ဟု မိခင်ဖြစ်သူ ဒေါ်အောင်ကျော့ဖြူက ပြောသည်။

အဓမ္မပြုကျင့်သူ ကျော်ဆန်းလှိုင်အား ယင်းနေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ပေါက်တောမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိကြောင်း ၎င်းမှာ အဆိုပါကလေးငယ်၏ အစ်ကိုဖြစ်သူအိမ်နံဘေးရှိ ပန်းပဲဖိုတွင် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

“ကျွန်မသမီးလေးကို မေးကြည့်တော့ ကျော်ဆန်းလှိုင်ဟာ အိမ်ပေါ်တက်သွားပြီးတော့ သမီးလေးကို ခဏလာခဲ့ဆိုပြီး ခေါ်တယ် သမီးလေးသွားတော့ လက်ကိုဆွဲတင်လိုက်ပြီး အတင်းကျင့်တယ်လို့ ပြောပါတယ်။ ကလေးအော်တော့ ပါးစပ်တွေကို ပိတ်ထားတယ်လို့ ပြောပါတယ်” ဟု ဒေါ်အောင်ကျော့ဖြူက ပြောသည်။

ကျော်ဆန်းလှိုင်အား စစ်ဆေးရာ မုဒိမ်းမှုပြုကျင့်ခြင်းမှာ ဟုတ်မှန်ကြောင်း တွေ့ရှိရသဖြင့် ၎င်းအား ပေါက်တောမြို့မ ရဲစခန်းမှ ပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly