သမိုင်းဝင် မြို့ရွှေဘိုနဲ့ လှတောသား ၊ ချီပါသားတို့ရှိရာ တစ်ခေါက်တစ်ခါ ( အပိုင်း ၁ )

20 May 2017
သမိုင်းဝင် မြို့ရွှေဘိုနဲ့ လှတောသား ၊ ချီပါသားတို့ရှိရာ တစ်ခေါက်တစ်ခါ ( အပိုင်း ၁ )
 

ဒီနေ့တော့ ရွှေဘိုမြို့ကို အခြေပြုပြီး သွားလို့ရနိုင်တဲ့ နေရာတွေဆီ သွားကြမှာပါ။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ရွှေဘိုမြို့ကို မင်းနေပြည်တော်အဖြစ် သတ်မှတ်ခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ပါတယ်။ ဒီတော့  ရွှေဘိုမြို့ အနီးဝန်းကျင်ကလည်း စိတ်ဝင်စားစရာဖြစ်လာပါတယ်။

ရွှေဘိုမြို့ရဲ့ အနောက်ဘက် (၇)မိုင်အကွာမှာ ချည်ထည်လုံချည်တွေနဲ့ ကျော်ကြားတဲ့အရပ် ရှိပါတယ်။ ဆိပ်ခွန်ရွာလို့ အမည်တွင်ပါတယ်။ ဆိပ်ခွန် ချည်ထည်တွေက နာမည်ကြီးလှသလို ရွှေဘိုဆန်ဆိုရင်လည်း ဆိပ်ခွန်ရွာကို မေ့ထားလို့မရပါဘူး။

လက်ယက်ကန်း၊ စက်ယက်ကန်းသံတွေ ဝေစည်တဲ့ ရွာလေးက ဗုဒ္ဓသာသနာ အလင်းရောင်လည်း ထွန်းလင်းပါတယ်။ ရွှေဝါရောင် စပါးခင်းတွေက အထက်မြန်မာပြည်ရဲ့ စပါးကျီပါလို့ ပြောနေသလိုပါ။ ရွာအဝင်မှာတွေ့ရမှာက စက်ယက်ကန်းရုံကြီးတွေပါ။

ဆိပ်ခွန်ရွာက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင်သောဘန မထေရ်မြတ်၏ ဇာတိချက်ကြွေ မွေးရပ်မြေလည်း ဖြစ်ပါတယ်။

 ဒါ့အပြင် သီရိဓမ္မာ အသောကမင်းကြီးရဲ့ ကောင်းမူတော်ဖြစ်တဲ့ မုဋ္ဌောစေတီခေါ် အင်းကြင်းတောစေတီမြတ်ကြီးကို ဆိပ်ခွန်ရွာမှာ သပ္ပယ်စွာဖူးတွေ့နိုင်ပါသေးတယ်။ အသောကမင်းကြီးရဲ့စေတီပေါင်း ရှစ်သောင်း လေးထောင်မှာ တစ်ဆူအပါအဝင်လည်း ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိခဲ့ရပါတယ်။

စေတီရဲ့အရှေ့ဘက် ပထမ ပစ္စယံံနားက အင်းကြင်းပင်ကြီးကနေ အင်းကြင်းပန်းရော ပျဉ်းမပန်းပါ ပွင့်တဲ့အတွက်  အင်းကြင်းတစ်ကိုင်း ပျဉ်းမတစ်ကိုင်းရယ်လို့လည်း နာမည်ကျော်ပါတယ်။ ဘုရားပရဝဏ်အတွင်းမှာတောာ့ ဘုရား၊ ကျောင်း ကန် ဇရပ်တွေ၊ စောင်းတန်းတွေနဲ့ သာယာငြိမ်းချမ်းရာတစ်ခုပါ။ စေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲကို နှစ်စဉ် တန်ခူးလဆန်း(၁၀)ရက်မှ လပြည့်နေ့အထိ စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။

 

ရွာလေးရဲ့ အတွင်းပိုင်းမှာတော့ လက်ယက်ကန်းရော စက်ယက်ကန်းနဲ့ပါ လုပ်ကိုင်ကြတဲ့ တစ်နိုင်တစ်ပိုင်အလုပ်ရုံတွေရှိပါတယ်။ သူတို့တွေဆီက ထွက်လာတဲ့ ယက်ကန်းခတ်သံတွေက တော်တော်ဝေးထဲက ကြားရတယ်။

ဆိပ်ခွန်ရွာလေးဟာ ဆိပ်ခွန် ပုဆိုးနဲ့ ချည်ထည်ဆိုပြီးတော့ နာမည်ကြီးတဲ့ ရွာလေးဖြစ်ပါတယ်။ အခု  ဆိပ်ခွန်ရွာလေးထဲမှာလည်း ယက်ကန်းအိမ်တွေ အများကြီးှရှိပါတယ်။

ဟိုတုန်းက ယက်ကန်းကို ဒီလောက်ကြီးမလုပ်ကြဘူး။ အခုဟာက လုပ်တော့လုပ်တယ်။ ဆိတ်ခွန်က စလုပ်ကတည်းက ယက်ကန်းပဲ လုပ်လာကြတာ။ အခုကြတော့ ယက်ကန်းကို ပိုလုပ်လာကြတယ်။ စက်တန်းတွေလည်း အများကြီး ဒီနှစ်ထဲမှာ တိုးလာတယ်။ အမတို့ ယက်ကန်းရုံတွေကျတော့ ဒီမှာက အထည်သည်တွေက အများကြီးရှိတယ်။ အဲဒီသူတွေကမှတစ်ဆင့် သူတို့တွေက မန္တလေးကို ပို့ပေးတာ။ အမတို့က ကိုယ့်တံဆိပ်နဲ့ကိုယ် မထွက်နိုင်ဘူး။ ကိုယ့်တံဆိပ်နဲ့ကိုယ် ထွက်တာတွေလည်း အများကြီးရှိတယ်။ များသောအားဖြင့် ပုဆိုးပဲ ကိုယ့်တံဆိပ်နဲ့ကိုယ် ထွက်ကြတာပါ။ ရုံကြီးတွေအများစုကတော့ ကိုယ့်တံဆိပ်နဲ့ကိုယ် ထွက်ကြပါတယ်။

အခုသွားမယ့်နေရာမှာတော့ စာတွေထဲမှာသာ ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေတွေဆီ ရွှေဘိုရောက်တုန်း သွားလည်မှာပါ။ အားလုံးလည်း သူတို့တွေကို ရင်းနှီးပြီးသား ဖြစ်ကြမယ်လို့ ထင်ပါတယ်။ သူတို့အကြောင်းတွေနဲ့ သူတို့ပြောစကားတွေက ကျွန်မတို့နဲ့ မစိမ်းပေမယ့် သူတို့နဲ့ ကိုယ်တိုင်ကိုယ်ကျတော့ မတွေ့ဖြစ်ပါဘူး။

စကားပြောရာမှာ အတိသယဝုတ္တိအလင်္ကာတွေ၊ ဥပမာ အလင်္ကာတွေနဲ့ ခိုင်းနှိုင်းပြောလေ့ရှိတဲ့ လှတောသားတွေ၊ ဟာသဆန်တဲ့ စကားတွေနဲ့ ပွင့်လင်းဖော်ရွေတဲ့ လှတောနယ်က ဦးကြီးတွေ၊ သူတို့ကို တွေ့ရတော့မှာပါ။

အခု ရွေဘိုမြို့ရဲ့ တောင်ဘက် ၁၄ မိုင်အကွာမှာရှိတဲ့ လှတောရွာကို ရောက်နေပါပြီ။ လှတောရွာဟာဆိုရင် လှတောသားတို့ရဲ့ စကားအရာ ကြွယ်ဝမှု လိမ္မာပါးနပ်မှုတွေကြောင့် လူသိများပြီးတော့ ထင်ရှားလှပါတယ်။ အခုဆိုလို့ရှိရင်လည်း လှတောရွာဟာ စံပြ စက်မှုလယ်ယာမြေဆိုပြီးတော့တောင် အမည်တပ်နေရပါပြီ။ ဒီတော့ လှတောရွာရဲ့ ခေတ်မှိတိုးတက်လာတဲ့ လူနေမှုပုံစံတွေကို ဝင်လေ့လာရင်းနဲ့ ခေတ်မှီလာတာနဲ့အမျှ ရိုးရာမပျက် လှတောသားတွေဟာ စကားကြွယ်နေကြတုန်းပဲလားဆိုတာ ဝင်လေ့လာကြရအောင်ပါ။

လှတောရွာအကြောင်း နည်းနည်း မိတ်ဆက်ပေးပါ့မယ်။ လှတောရွာက ရွှေဘိုမြို့ရဲ့ တောင်ဘက်မှာ ရှိပါတယ်။ (၁၄) မိုင်လောက် စစ်ကိုင်းဘက်ကို လာရပါမယ်။ အိမ်ခြေ ထောင့်တစ်ရာဝန်းကျင်ရှိပြီး လူဦးရေကတော့ (၄၇၀၀) ကျော်ရှိပါတယ်။ အထက်တန်းကျောင်းတွေ၊ ဈေးတွေ၊ ဆန်စက်တွေနဲ့ အတော်လေး တိုးတတ်စည်ကားပါတယ်။ လယ်ယာ လုပ်ငန်းကို အဓိက ထားလုပ်ကိုင်ကြပြီး ရွှေဘိုစပါးထွက်တဲ့ နယ်တွေထဲမှာ လှတောရွာလည်းပါပါတယ်။

လှတောသား ဦးကြီးတွေကရော သူတို့အရပ်မှာ ဘယ်လိုများပြောကြမှာပါလိမ့်။ ဒါစာအုပ်တွေထဲမှာ ကျမတို့ ရင်းနှီးနေတဲ့ လှတောရွာပါပဲ။

"စကားဝိုင်း"

လှတောသား အချင်းချင်းစကားပြောရင်၊ အနိုင်တွေအရှုံးတွေနဲ့ ပြောကြပါတယ်။ တစ်ကွက်ချန် ဆိုလိုရင်းတွေကို နားမလည်တဲ့သူက အရူံးပါတဲ့။ အချင်းချင်းပြောရင် စကားတွေလဲ ပိုထွက်တယ်လို့ ဆိုပါတယ်။

လှတောသားတောင်သူကြီး ဦးမောင်အေး

ရွှေဘိုမြို့နဲ့ဆိုရင်လည်း ဦးတို့လှတောရွာက ၁၄ မိုင်ပဲဝေးတယ်။ ရွှေဘိုရောက်လို့ ဝင်လည်ကြမယ်ဆိုရင် ဦးလေးတို့ရွာကိုလည်း ဝင်လည်ကြပေါ့။ ၁၄ မိုင်ပဲဝေးတယ်ဆိုတော့ မျက်တောင်တစ်ခတ်စာလောက်ပဲ ရှိတာပါ။ အခု သမီးတို့လာတာက ရာသီလေး နည်းနည်းစောသွားလို့ မြန်မာလနဲ့ပြောမယ်ဆိုရင်တော့ ဦးတို့ မြန်မာလထဲမှာဆိုရင်တော့ တပို့တွဲ ပြာသိုမှာဆိုရင်တော့ အလှူတွေက ဆက်နေတယ်။ အချိန်မရွေး လာလို့ရတယ်။ အဲဒါ စားရိတ်ငြိမ်းပဲ။ တော်တော်များများကလည်း လုပ်ငန်းကိုင်ငန်းလေးတွေ အဆင်ပြေကြတော့ လှတောဆိုတာက တော်တော်လေးကိုလည်း နေချင်ထိုင်ချင်ကြတယ်။ ရေမြေကလည်းကောင်းတော့ နေစရာလည်း ကောင်းပါတယ်။ ဦးတို့ဆီမှာက ဖနောင့်နဲ့ပေါက်ရင်တောင် ရေကထွက်တယ်။ အဲဒီလောက်တောင်ပါ။

လှတောသားတွေနဲ့အတူ ပူးတွဲပါလေ့ရှိတဲ့ ချီပါသားတွေအကြောင်းလည်း သိချင်ကြမှာပါ။ လှတော နဲ့ ချီပါက ရွှေဘိုမြို့ရဲ့ ဟိုဘက် ဒီဘက်ပါ။ ဒါကြောင့် ချီပါရွာဘက်ကိုပါ  သွားခဲ့ပါတယ်။

လှတောသားလို့ ဆိုလိုက်တာနဲ့ လှတောသားတွေနဲ့အတူ စကားကို အချီအချ အချေအတင် ပြောတက်ကြတဲ့ ချီပါကျေးရွာကိုလည်း ပြေးမြင်မိကြမှာပါ။ ဒါကြောင့်မို့  လှတောရွာကနေ ထွက်လာပြီးတော့ အခု ချီပါရွာကို ရောက်နေပါပြီ။ ချီပါရွာနဲ့ လှတောရွာကတော့ ရွှေဘိုမြို့ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ ရှိနေပါတယ်။ ချီပါရွာကတော့ ဆိတ်ခွန်ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာ ရှိနေပါတယ်။ အခု လှတောရွာသားတွေလည်း ပါလာပါတယ်။ လှတောရွာသားတွေနဲ့အတူတူ  ချီပါရွာထဲကို သွားကြမယ်။

ဦးအောင်ဇေယျသွေးတို့ စီးဆင်းရာ ရွှေဘိုမြို့က ယဉ်ကျေးမှုနဲ့ သမိုင်းအစဉ်အလာကြီးမားသလို၊ အနီးအနားဝန်းကျင်ကလည်း လေ့လာစရာတွေ မကုန်နိုင်အောင်ပါပဲ။ ရွှေဘိုမြို့ရဲ့ အရှေ့၊ အနောက် တောင် မြောက် နေရာတိုင်းက ကိုယ်ပိုင်အလှတစ်မျိုးစီ ပိုင်ဆိုင်ထားကြပါတယ်။ လက်မှုပညာရပ်တို့ ထွန်းကားရာ၊ မြေထည်တို့ကို အသက်သွင်းရာနေရာ၊ စဉ့်ထည်တို့ မွေးဖွားရာ အရပ်ကတော့ ရွှေဘိုရဲ့ အရှေ့ဘက် စူးစူးမှာ တည်နေပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Mizzima Weekly