၂၁ ပင်လုံတက်ရန် UNFC ကို အထူးဖိတ်ကြားသော်လည်း AA, TNLA, MNDAA တို့ ဖိတ်ကြားမခံရသေး

၂၁ ပင်လုံတက်ရန် UNFC ကို အထူးဖိတ်ကြားသော်လည်း AA, TNLA, MNDAA တို့ ဖိတ်ကြားမခံရသေး

ချင်းမိုင်၊ မေ ၂၀ ။           ။ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ရန် အပစ်ရပ်လက်မှတ် (NCA) မထိုးထားသည့် မြောက်ပိုင်းအဖွဲ့များဖြစ်သော တအာင်းအဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့မှာ ဖိတ်ကြားခြင်းမခံရသေးကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့က ဖိတ်စာမရသေးဘူး။ ကျနော်တို့ကို မဖိတ်ဘူးလို့သိရပါတယ်။ အန်စီအေကို လက်မှတ်မထိုးတဲ့အဖွဲ့တွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်တယ်။ အဲဒီစုပေါင်းပြီးဖိတ်တဲ့ထဲမှာ ကျနော်တို့ မပါတော့ မဖိတ်ဘူးလို့ သိထားတယ်”ဟု TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ဘက်ကတော့ အားလုံး ၇ ဖွဲ့ပါတဲ့ ကော်မတီအနေနဲ့ တက်မယ်။ တန်းတူညီတူရှိတယ်ဆိုတယ် တက်မယ်ဆိုရင် ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ ပြင်ထားပါတယ်။ ဒါပေမဲ့ ဖိတ်စာအရဆိုရင်တော့ ကျနော်တို့အတွက် ဘာမှ ဖြစ်နိုင်ချေမရှိတော့ဘူး တက်ဖို့ကအလားအလာတော်တော်နည်းသွားပါပြီ”ဟု ဆိုသည်။
 
TNLA နှင့် တပ်မတော်တို့သည် ယခုရက်ပိုင်းတွင် နေ့စဉ်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တာဘုန်းကျော်က ပြောသည်။

NCA လမ်းကြောင်း မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုဖြင့်သွားရန် ဖွဲ့စည်းထားသော UWSP အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့အစည်း ၇ ဖွဲ့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး   ကော်မတီအနေဖြင့် ဖိတ်ကြားပါက ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်ရန် အဆင်သင့်ရှိနေကြောင်း မကြာသေးမီက ကြေငြာချက် ထုတ်ပြန်ထားသည်။

လာမည့် မေလ ၂၄ ရက်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ UNFC အဖွဲ့ဝင်များကိုမူ “အထူးဖိတ်ကြားသူများ”အဖြစ် အစိုးရက ဖိတ်ကြားခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ၇ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ(LDU)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(မိုင်းလား)(NDAA)တို့ကို မေလ ၁၈ ရက်က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

“ဖိတ်စာ မနေ့ကရပါတယ်။ အထူးဖိတ်ကြားသူအနေနဲ့ဖိတ်ပါတယ်။ ကျနော်တို့ UNFC အဖွဲ့တွေ အားလုံးကို ဖိတ်ပါတယ်။ တက်မယ်မတက်ဘူးဆိုတာ တပ်ပေါင်းစုက အစည်းအဝေးစောင့်နေပါတယ်။ အဲဒီမှာ ဆုံးဖြတ်မယ်”ဟု KNPP ၏ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

လာမည့် မေလ ၂၂ ရက်တွင် UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရန် ရှိနေသည်။ ဦးအောင်ကြည် ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ မေလ ၂၀ ရက်တွင် တွေ့ဆုံရန် မူလက စီစဉ်ခဲ့သော်လည်း UNFC ဘက်မှ ကတိကဝတ်စာချုပ် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် လိုသဖြင့် ယနေ့ဆွေးနွေးမှု ပျက်သွားခဲ့သည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required