ခန္တီးရတနာမြေတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမည်

ခန္တီးရတနာမြေတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမည်

မုံရွာ၊ မေ၁၉ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာမှော်ဖြစ်သည့် မကျန်ခမှော်တွင် မေလ ၁၇ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့နှင့် ရေမဆေးကျောက်ရှာသူတို့ကြားဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမည်ဟု သိရသည်။

အဆိုပါအဖွဲ့တွင် တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်ထွန်းက ဥက္က္တဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်၊ အဖွဲ့ဝင်များအဖြစ် ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှဦးမောင်တေးနှင့် မဲဆန္ဒနယ်အမှတ်(၂)ဦးသိန်းလှိုင်ဝင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေး၊ သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးအောင်မျိုးကျော်နှင့်ခရိုင် ဥပဒေအရာရှိ ဦးကျော်ဝင်းတို့ပါဝင်သည်။
 
"အမှန်တရားပေါ်ပေါက်ဖို့ စစ်ဆေးပါမယ်။ တွေ့ရှိချက်တွေအပေါ်မူတည်ပြီး အမှန်ကန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်။"ဟု မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးကပြောသည်။

ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာသို့ စစ်ကိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက သွားရောက်ကာ ဒေသခံများနှင့်တွေ့ဆုံသွားမည်ဟု ခန္တီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက မဇ္ဈိမကိုပြောသည်။

စုံစမ်းတွေ့ရှိချက်များကို မေလ ၃၁ ရက်နောက်ဆုံးထား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင် အစီရင်ခံတင်ရမည်ဟုလည်း ဦးမောင်တေးကဆိုသည်။

ခန္တီးခရိုင်၊ ခန္တီးမြို့၊ရတနာနယ်မြေ၊ နန်စီပွန်ဒေသရှိ မြန်မာအမ်ပီရီရာယ်ဂျိတ်ကုမ္ပဏီ၏ မကျန်ခလုပ်ကွက်အတွင်းရှိ ကျောက်ကြောမြေစာပုံများအား ရေမဆေးကျောက်ရှာဖွေသူများ အင်အား ၇၀၀ဦးခန့်ဖြင့် ကုမ္ပဏီ၏ ခြံစည်းရိုးသွပ်ပြားများအား ဖျက်စီးခြင်း၊ ဆီသိုလောင်ကန်များအား မီးရှို့ဖျက်စီးခြင်းတို့ကြောင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးဒဏ်ရာရပြီး၊ တရားမဝင် ရေမဆေးကျောက်ရှာဖွေသူ  ၃ ဦးသေဆုံး၍ ၅ ဦးဒဏ်ရာရရှိကာ ဆီသိုလှောင်ကန် ၃၈ လုံးပျက်စီးခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဖြစ်စဉ်မှန်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားစာအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly