Shop.com.mm

NLD နာယက ဦးတင်ဦး စကားမပြောနိုင်သော်လည်း အခြေအနေတိုးတက်မှုရှိ

.

ရန်ကုန်၊ မေ ၁၉၊ ။           ။ NLD နာယကကြီး ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေမှာ စကားမပြောနိုင်သေးသော်လည်း တိုးတက်ကောင်းမွန်လျက်ရှိပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်ကုသွားမည်ဟု သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကို နှင့် ရန်ကုန်ဆေးရုံကြီး ဝေဒနာပြန်လည်သန်စွမ်းရေး အထူးကုဌာနမှ ဌာနမှူး ပါမောက္ခဒေါက်တာ ခင်မျိုးလှတို့က ယနေ့ ညနေ ၄ နာရီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

"စကားပြောလို့မရသေးပေမဲ့ ကျွန်မတို့ပြောတဲ့ဟာလေးတွေလိုက်လုပ်နိုင်တယ် ။ လက်မြှောက်ပြပါဦးဆို မြှောက်ပြနိုင်တယ် ။ ကျွန်မလက်ကိုဆုပ်ကြည့်ပါဦးဆိုရင် ကောင်းကောင်း အားထည့်ပြီးတော့ ကောင်းတဲ့ဘက်က ဆုပ်နိုင်တယ် ။ ဘယ်ဘက်ခြေထောက်လေးမြောက်ပြပါဆိုရင် ရတယ် ။ ဘယ်ဘက်တစ်ခြမ်းလုံးက လုံးဝကိုကောင်းတာ။  ညာဘက်ခြေထောက်ကလေးက နည်းနည်းတော့လှုပ်သွားတယ်။ ပြီးရင်တော့ ပုံမှန်အမြဲတမ်းတော့ မလာသေးဘူးပေါ့ ။ စကားကတော့မပြောနိုင်ပေမဲ့ ပါးစပ်ဟပြပါဆို ပါးစပ်အကျယ်ကြီးဟတတ်တယ် ။ အဲ့လိုမျိုးပေါ့နော် ။ ဒါလေးတွေက ဖြည်းဖြည်းပဲ သွားမှ ရမှာ ။ ဘဘ ရဲ့ ခံနိုင်ရည်နဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်ပြီးတော့ပေါ့နော်"ဟု ရန်ကုန်ဆေးရုံကြီး ဝေဒနာပြန်လည်သန်စွမ်းရေးအထူးကုဌာနမှ ဌာနမှူး ပါမောက္ခဒေါက်တာ ခင်မျိုးလှက ပြောသည်။

သူရဦးတင်ဦးသည် လက်ရှိတွင်  ဦးနှောက်ဘယ်ဘက်ခြမ်း လေဖြတ်ထားပြီး ပြန်ပြီးကောင်းမွန်လာရန်အချိန်ဟာ ဦးနှောက်အတွင်းမှာ ဘယ်လောက်အစိတ်အပိုင်းလောက်ထိ လေဖြတ်သွားလဲနှင့်  ဘယ်လိုလုပ်ငန်း လုပ်ဆောင်သောအပိုင်းမှာ ဖြစ်သွားလဲ ဆိုတဲ့အပေါ် မူတည်နေကြောင်း သိရသည်။

နာယကကြီး ဦးတင်ဦးသည် မေလ ၁၇ရက်နေ့ ၊ ည၁၁နာရီအချိန်က သူ့နေအိမ်ရေချိုးခန်းမှာ ချော်လဲခဲ့ပြီး သတိလစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် SSC ဆေးရုံကို သွားရောက်ပြသခဲ့ပြီး မေလ ၁၈ရက်နေ့ မနက်၃နာရီ ၁၀မိနစ်မှာ ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် ချော်လဲမှုမဟုတ်ဘဲ လဲကျမှုဟု ယူဆကြောင်းရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကို က သုံးသပ်ပြောသည်။

"အခုဟာက ဦးနှောက်ကိုပို့တဲ့ သွေးကြောမှာ သွေးတွေနဲ့ ပိတ်ဆို့သွားပြီးတော့ အဲဒီအချိန်မှာ လဲကျသွားပြီးတော့ ရေချိုးခန်းထဲမှာ လဲကျတယ်လို့ ကျွန်တော်တို့ ယူဆရပါတယ် ။ အဲ့ဒါကြောင့်ဦးနှောက်သွေးကြောပိတ်တဲ့ ပိတ်လို့ဒီရောဂါဖြစ်ရတဲ့ အကြောင်းအရင်းဖြစ်ပါတယ် အဲ့ဒီအပြင် နာယကကြီးမှာ သွေးတိုးအခံရှိတယ် နောက်နှလုံးရောဂါအခံတွေ ရှိတယ် ။ အဲဒါကြောင့်လည်း ဒီလိုအဖြစ်မျိုးကို ရောက်ရှိလာတာဖြစ်ပါတယ်"ဟု ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကို က ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် ရောဂါနှင့် လူအသက်အရွယ်ပေါ်မူတည်ပြီး အုပ်ချုပ်မှုပိုင်းက ဆရာဝန်ကြီးများနှင့် ကုသရေးအပိုင်းမှ ဆရာဝန်ကြီးများနှင့် ကုသရေးဆိုင်ရာကော်မတီဖွဲ့   စောင့်ကြည့်ကုသပေးနေခြင်းဖြစ်သည်။

ယနေ့ မေလ ၁၉ ရက်ဆိုပါက သူရဦးတင်ဦးသည် ရန်ကုန်ဆေးရုံကြီးမှာ ၃၆နာရီကြာကူသမှုခံယူနေရခြင်းဖြစ်ပြီး အသက် ၉၁ နှစ် ရှိပြီ ဖြစ်သည်။