ဖွဲအိတ်များ ဖုံးထားသော ပိတောက်သစ်များကို ရပ်ထားသော ၁၂ ဘီးကားတွင် ဖမ်းမိ

ဖွဲအိတ်များ ဖုံးထားသော ပိတောက်သစ်များကို ရပ်ထားသော ၁၂ ဘီးကားတွင် ဖမ်းမိ
ဓာတ်ပုံ-ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း
 

ရန်ကုန်၊ မေလ ၁၉ ။          ။ ရေပူစစ်ဆေးရေးစခန်းမှ ၂ဝ၉ မိုင်၊ လေးဖာလုံ အကွာတောစပ်တွင် ရပ်တန့်ထားသည့် ၁၂ ဘီးကားပေါ်မှ ဖွဲအိတ်များဖုံးအုပ်လျက် အရည်အသွေးမြင့် ပိတောက်သစ်များ မေလ ၁၉ ရက်၊ မနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ ကိုယ်တို့က ရေပူစခန်းနဲ့ ၂ဝ၉ မိုင်အကွာလောက်မှာ ၁၂ ဘီးကားတစ်စီးရပ်ထားတယ်လို့ သတင်းရလို့ အဖွဲ့လိုက်သွားစစ်တဲ့အခါ အဲ့ဒီမှာ ဖွဲအိတ်တွေဖုံးပြီးတင်လာတဲ့ ပိတောက်သစ်တွေဖမ်းမိတာပေါ့။ ကားသမား တော့ မတွေ့လိုက်ဘူး။ ဖမ်းမမိလိုက်ဘူးပေါ့။ ကားက ရပ်ထားတယ် ဆိုတော့”ဟု ရေပူအမြဲ တမ်းစစ်ဆေး ရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါဖမ်းဆီးရမိသည့် သစ်များတင်ဆောင်လာသည့် ၁၂ ဘီးကားကို သိန္တွီမြို့နယ်ရဲစခန်းသို့ လွဲပြောင်းပေး သွားမည်ဖြစ်ပြီး အရည်အသွေးမြင့်ပိတောက်သစ်များကို လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွဲပြောင်းပေး သွားမည်ဖြစ်ကြောင်းသိရသည် ။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ ထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက် နေ့မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly