ပယောဂဆရာဆိုသူက ကလေးငယ်သုံးဦးကို ရိုက်နှက်မသတ်ခဲ့ကြောင်း ငြင်းဆို

ပယောဂဆရာဆိုသူက ကလေးငယ်သုံးဦးကို ရိုက်နှက်မသတ်ခဲ့ကြောင်း ငြင်းဆို

ရန်ကုန်၊ မေလ ၁၉ ။            ။ တွံတေးမြို့နယ်၊ ပသီကုန်းကျေးရွာတွင် မကောင်းဆိုးဝါးများ ပူးကပ်သည်ဟု ဆိုကာ ပယောဂကုသရာမှ ကလေးငယ်သုံးဦး သေဆုံးခဲ့သောအမှုတွင် ပယောဂဆရာ ထွန်းနိုင်ဆိုသူက ကလေးငယ်များကို ရိုက်နှက်မသတ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းတွင် အပြစ်မရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ယနေ့ မေလ ၁၉ ရက်နေ့၊ သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် ပယောဂကုသသည်ဟုဆိုကာ ကလေးငယ်သုံးဦးသေဆုံးခဲ့ပြီး တစ်ဦး ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည့်အမှု ဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူဟု သံသယရှိသူ ပရောဆရာဆိုသူ ထွန်းနိုင်ကို ရုံးထုတ်စစ်ဆေးရာတွင် ၎င်းမှ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်အနေနဲ့ တစ်စိမ်းကလေးကို မပြောနဲ့ ညီအကိုအရင်းကမွေးတဲ့ ကလေးတွေကိုတောင်မှ အဲ့လိုမျိုး မလုပ်ဝံ့ပါဘူး။ တစ်ရွာနဲ့ တစ်ယောက်ဖြစ်နေတဲ့ ကျွန်တော်က အဲ့ကလေးတွေကို မသတ်ခဲ့ပါဘူး။ အဲ့လိုလုပ်ရင် ကျွန်တော်ကို ဝိုင်းသတ်ကြမှာပေါ့။ ကလေးကို ပုဆိန်နဲ့ ထုရိုက်ခဲ့တာ တွေ၊ ကန်ကျောက်ရိုက်နှက်ခဲ့တာလည်း မရှိပါဘူး။ အခင်းဖြစ်တုန်းက ကျွန်တော်ဖုန်းနဲ့ ရိုက်ထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်မသတ် တဲ့အတွက် ကျွန်တော်ဆီမှာ အပြစ်မရှိပါဘူး”ဟု ပယောဂဆရာ ထွန်းနိုင်က ခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ပယောဂဆရာထွန်းနိုင်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဇွဲကပင်ကျေးရွာတွင် ကလေးငယ်ဖခင်ဖြစ်သူ ကိုစိုးမင်းဆိုသူနှင့် သိရှိခဲ့ပြီး ကိုစိုးမင်းက ဖုန်းဆက်ခေါ်သဖြင့် တွံတေးမြို့ရှိ ပသီကုန်းကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပသီကုန်းကျေးရွာသို့ ထွန်းနိုင် ရောက်ရှိချိန်တွင် ကိုစိုးမင်းဆိုသူ၏ ညီဖြစ်သူအိမ်၌ ကလေးငယ်သုံးဦးမှာ သေဆုံး နေပြီဖြစ်ပြီး ကလေးငယ်အလောင်းများကို ကိုစိုးမင်းနှင့် ၎င်းညီအစ်ကိုများက သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်တရားရုံးတွင်ထွက်ဆိုသည်။

ကိုစိုးမင်းက အလောင်းများစွန့်ပစ်ပြီး ပြန်အရောက်တွင် တွံတေးမြို့ရှိ မိုင် ၂ဝ ရွာသို့သွားမည်ဆိုကာ ထွန်းနိုင်ကို ခေါ်သွားပြီး မိုင် ၂ဝ ရွာအရောက်တွင် ရပ်ကွက်လူကြီးများက ၎င်းအား ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ထွက်ဆိုခဲ့သည်။

တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ခရိုင်ဥပဒေအရာရှိက အပြန်အလှန်မေးခွန်းများမေးရာတွင် ပသီ ကုန်းကျေးရွာရှိ အိမ်သို့ရောက်ရှိစဉ်က မကောင်းဆိုးဝါးရှိသည်ဟုဆိုကာ မိသားစုဝင်များအား စုထိုင်စေကာ ဆန်မန်းကြဲဖြန့်ခြင်း၊ စည်းတားခြင်း၊ ရေမန်းတိုက်ခြင်းများပြုလုပ်ပြီး စည်းဝိုင်းအပြင် မထွက်ရန် မိသားစုဝင်များ အား ခြိမ်းခြောက်ခြင်းနှင့် ကလေးအလောင်းများအား ကိုယ်တိုင် သွားရောက်စွန့်ပစ်ခဲ့ပါသလားမေးမြန်းရာ ထွန်းနိုင်က မလုပ်ကြောင်း၊ မသိကြောင်း ငြင်းဆိုခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဇွန်လ ၂ ရက်နေ့ကို ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် အမှုအား ကြားနာရန် ထပ်မံချိန်းဆိုလိုက်သည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရသူ အသက် ၃ဝ အရွယ် ထွန်းနိုင်အား တွံတေးမြို့မရဲစခန်းမှ (ပ)၆၄၂/၁၆၊ ရာဇ သတ် ကြီးပုဒ်မ ၃၀၂၊ ၃၂၅ ၊ ၂၀၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်း ခရိုင် တရား ရုံးတွင် တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly