လေပြင်းတိုက်ခံခဲ့ရသော ခရုချောင်း-အမက ယာယီကျောင်းဆောင် ဆောက်လုပ်မည်

လေပြင်းတိုက်ခံခဲ့ရသော ခရုချောင်း-အမက ယာယီကျောင်းဆောင် ဆောက်လုပ်မည်

ရသေ့တောင်၊ မေ ၁၉ ရက်။          ။  လေပြင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ခရုချောင်း-အမက ကျောင်းဆောင်မှာ တစ်ဆောင်လုံးပြိုပျက်သွားခဲ့ရာ ယင်းကျောင်းတွင် ပညာသင်ကြားလျှက်ရှိသည့်   ကျောင်းသူ/သားများ ကျောင်းဖွင့်ချိန်အမီ စာသင်ကြားနိုင်ရန် ယာယီကျောင်းဆောင်တစ်ခု ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်မှာ မေလ ၁၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းမုန်တိုင်းငယ်ကြောင့် ပြိုပျက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့နံနက်ပိုင်းက ပညာရေးဌာနနှင့် ဌာနဆိုင်ရာ အကြီးအကဲများသွားရောက် စစ်ဆေးခဲ့ကြကာ ယာယီကျေင်းဆောင်သစ်တစ်ခု ပြန်လည် ဆောက်လုပ်ပေးရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းဆောင်တစ်ခုပြိုကျသွားတာပါ။ အခု ကျွန်တော်တို့ မြို့နယ်ပညာရေးကတာဝန်ရှိသူတွေနဲ့ ဌာနဆိုင်တွေ ကွင်းဆင်းနေပါတယ်။ ပြည်နယ်ပညာရေးဌာနကို  ကျောင်းဆောင်ပျက်စီးသွားတဲ့ မှတ်တမ်းဓါတ်ပုံတွေ တင်ပြထားပါတယ်။ ကျောင်းသူကျောင်းသားတွေ အချိန်မီကျောင်းတက်နိုင်ဖို့အတွက် ယာယီကျောင်း ဆောင်တစ်ခုဆောက်ဖို့ တိုင်ပင်နေကြ ပါတယ်’’ဟု ရသေ့တောင်မြို့နယ် လက်ထောက် ပညာရေးမှူး ဦးခင်မောင်သန်းက ဆိုသည်။

ပြိုပျက်သွားခဲ့သည့် ခရုချောင်း-အမက ကျောင်းဆောင်မှာ ၂၀၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အလျားပေ ၆၀၊ အနံ ၃၀ ပေ ရှိပြိး ၎င်းရွာ၌ အိမ်ခြေ ၁၂၀ ရှိကာ ယင်းကျောင်းတွင် ပညာသင်ကြားနေကြသည့် ကျောင်းသူ/သားပေါင်း ၁၁၂ ယောက်ရှိကြောင်း သိရသည်။

“ကျောင်းဖွင့်ရာသီမတိုင်ခင် ကျောင်းပြန်တက်နိုင်အောင် ကျောင်းဆောင်းသစ် ပြန်လည်ဆောက်နိုင်ဖို့အတွက် ပြည်နယ်ပညာရေးဌာနနဲ့ ပြည်နယ်အစိုးကို တင်ပြသွားမှာပါ။” ဦးခင်မောင်သန်းက ဆိုသည်။

ယခုနှစ်တွင် ကျောင်းများကို မေလ ၂၂ ရက်နေ့တွင် ကျောင်းလက်ခံမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly