YBS ရ မှ ခေတ္တအလုပ်ရပ်စဲခံရသည့် ယာဉ်နောက်လိုက် ၄၀ ခန့် စားဝတ်နေရေး အခက်ခဲကြံုနေရဟုဆို

YBS ရ မှ ခေတ္တအလုပ်ရပ်စဲခံရသည့် ယာဉ်နောက်လိုက် ၄၀ ခန့် စားဝတ်နေရေး အခက်ခဲကြံုနေရဟုဆို
YBS ၂၉ မှ ယာဉ်နောက်လိုက်တဲ့ တစ်ဦးအား တွေ့ရစဉ်။
 

ရန်ကုန်၊ မေ ၁၉ ။              ။ မ.ထ.သ မှ ပြောင်းလဲထားသော ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) ပိုင်ယာဉ်လိုင်းဖြစ်သည့် YBS ၇  မှခေတ္တ အလုပ်ရပ်ဆဲခြင်းခံထားရသော  ယာဉ်နောက်လိုက် (စပယ်ယာ) အယောက် ၄၀ခန့်က စားဝတ်နေရေး အခက်အခဲကြုံနေရသည်ဟု သိရသည်။

မထသမှ YBS စနစ်သို့ပြောင်းလဲလိုက်ပြီးနောက်ပိုင်း ယာဉ်နောက်လိုက်များ အသုံးပြုမှုကို လျှော့ချခဲ့ခြင်းဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် ၊ ကားကြီးဂိတ်မှတ်တိုင်ရှိ YBS ၇ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် အယောက် ၄၀ ခန့်ကို မေလ ၇ ရက်က အလုပ်မှ ခေတ္တ ရပ်စဲခံထားခြင်းလည်းဖြစ်သည်။

ယာဉ်နောက်လိုက်များအနေဖြင့် ဇန်နဝါရီ ၂၆ ရက်က အလုပ်စတင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က သက်ဆိုင်ရာ စာရွက်စာတမ်းများဖြင့် ယခင် မထသမှ ပိုင်ဆိုင်သော YUPT ကုမ္မဏီသို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလုပ်ရပ်စဲခံထားရသည်မှာ ၁၃ ရက်ခန့် ရှိပြီဖြစ်ကြောင်း ယာဉ်နောက်လိုက်တစ်ဦး ဖြစ်သည့် ဦးရဲမင်းဟိန်းက မဇ္ဈိမသို့ ပြောသည်။

“ အခုလက်ရှိဆို ၁၃ ရက်ရှိသွားပြီ ။ ဖုန်းတစ်ချက် ဆက်ခြင်းလည်းမရှိပါဘူး။ ကျွန်တော်တို့မှာ အခုဆို မိသားစုစားဝတ်နေရေး အခက်ခဲတွေ အများကြီးကြုံနေပါတယ်။   ကျောင်းသားတွေရှိတဲ့ မိသားစုတွေဆို ကျောင်းထားဖို့ အရေးတွေ ၊ သေရေးရှင်ရေးပိုင်းတွေ အများကြီးလိုအပ်နေတယ် ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယနေ့ မေလ ၁၉ ရက် တောင်ဥက္ကလာမြို့နယ်ရှိ YUPT ရုံးတွင် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်နှင့် အဆိုပါ ယာဉ်နောက်လိုက် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

YUPT အနေဖြင့် လက်ရှိအချိန်တွင် အဆိုပါ စားဝတ်နေရေးအခက်ကြုံနေရသည်ဟုဆိုသည့် ယာဉ်နောက်လိုက် ၄၀ခန့် ကိုချက်ချင်း ခန့်အပ်ရန်မဖြစ်နိုင်သေးကြောင်း ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး  “ ခန့်ကို ခန့်ချင်တာ ဘဏ္ဍာရေးအခြေအနေချိန်ရတယ်။ BOT ခွင့်ပြုချက်တင်နေရတယ်။ ကျန်းမာရေးမကောင်းတဲ့ ဝန်ထမ်းတွေ လျော့မှာရှိတယ်။ အစမ်းခန့်ထားတဲ့ ၃ လအတွင်းမှာ လစာမဲ့ခွင့်ယူထားတာ ၁၅ ရက် ရက် ၂၀ လောက်ယူထားတဲ့သူရှိတယ်။ အဲ့သူတွေကို ခန့်သင့်၊ မခန့်သင့် ဆွေးနွေးနေတယ်။ မခန့်တော့ဘူးဆိုရင်လည်း လူတွေက လျော့သွားပြီ။ လျော့သွားတဲ့အချိန်မှာ သူတို့က တကယ်အလုပ်ဝင်မယ့်သူတွေဖြစ်တဲ့အတွက် သူတို့ကို ခန့်ပြီး ဂိတ်တွေမှာထားလိုက်ရင် အဆင်ပြေသွားပြီ “ ဟု ၎င်းကပြောဆိုသည်။

YUPT (ရန်ကုန်မြို့ ပြအများပြည်သူသယ်ယူပို့ဆောင်ရေး )ကုမ္ပဏီမှ  ယာဉ်လိုင်းနံပါတ် ၅၈ ၊ ၃၆ ၊ ၂၈ နှင့် ၂၄ ယာဉ်လိုင်း များ ပြေးဆွဲနေပြီး ဇန်နဝါရီ ၁၆ ရက်မှ စတင်ပြောင်းလဲလိုက်သော YBS စနစ်တွင် မထသမှ ပြောင်းလဲဖွဲ့စည်း လိုက်ခြင်း လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags