NLD နာယကအတွက် သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော်တွင်ဆုတောင်းပွဲပြုလုပ်

NLD နာယကအတွက် သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော်တွင်ဆုတောင်းပွဲပြုလုပ်

နေပြည်တော်၊ မေ၁၉ ။              ။ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ရှိ သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီးတွင် လေ ၁၉ ရက်၊ နံနက် (၇)နာရီ အချိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးမင်းသူ၊ ပျဉ်းမနားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင် အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက သမိုင်းဝင်ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး၏ စနေထောင့်တွင် ပန်း၊ ရေချမ်းများ ပူဇော်လှူဒါန်းခဲ့ပြီး ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြသည်။

အဆိုပါ ဆုတောင်းပေးပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကျန်းမာရေး အတွက် ဆုတောင်းပေးခြင်းသာဖြစ်ပြီး နိုင်ငံရေး အကြောင်းအရ မပါဝင်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဒေါက်တာမျိုးအောင်က ဆိုသည်။

“ကျွန်တော်တို့ NLD မှာ အဓိက အကျဆုံး တကယ်ခေါင်းဆောင်ပါ သူမရှိလို့ရှိရင် ကျွန်တော်တို့ NLDရဲ့ Image က အများကြီးကျဆင်းသွားမှာ ။ အဲ့ဒီတော့ ဘဘဦးတင်ဦး အသက်ရှည်ရာ ရှည်ကြောင်း ၊ ကျန်းမာရာကျန်းမာကြောင်း တစ်နိုင်ငံလုံးက ပြည်သူတွေကိုယ်စား ပါတီဝင်တွေဦးဆောင်ပြီး လုပ်ကြတဲ့ပွဲပါ။ ဒါကတော့ တစ်ခြားထွေထွေထူးထူးမရှိပါဘူး၊ ကျွန်တော်တို့ ခေါင်းဆောင်နာယကကြီး ဘဘ ဦးတင်ဦး ကျန်းမာဖို့အတွက် အမြန်ဆုံးနေကောင်းဖို့အတွက် ဆုတောင်းတဲ့ပွဲလေးပဲ ဖြစ်ပါတယ်။ တခြားနိုင်ငံရေးဘာမှ မပါပါဘူး” ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် မေလ ၁၈ ရက် ည ၁၁ နာရီ အချိန်က နေအိမ် ရေချိုးခန်းအတွင်း ချော်လဲရာမှ  ရွှေဂုံတိုင် SSC ဆေးခန်းတွင် တက်ရောက်ကုသခဲ့ပြီး ယခုအချိန်တွင် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly