ခန္တီးဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရေမဆေးကျောက်ရှာသူအချို့ သီးခြားဆောင်ပို့ခံရ၍ စိုးရိမ်နေ

ခန္တီးဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရေမဆေးကျောက်ရှာသူအချို့ သီးခြားဆောင်ပို့ခံရ၍ စိုးရိမ်နေ

ခန္တီးဆေးရုံတွင် ဆေးကုသခံနေရသည့် ခန္တီးမြို့နယ်က ရေမဆေးကျောက်ရှာဖွေသူ ၅ဦးကို သီးခြားအဆောင်သို့ မေလ ၁၇ရက်၊ နံနက်ပိုင်းက ပို့ဆောင်လိုက်သည့်အတွက် သက်ဆိုင်ရာမှ အရေးယူမည်ကို စိုးရိမ်နေကြောင်း လူနာများကို ကူညီဆောင်ရွက်ပေးနေသူ ခန္တီးမြို့နယ်၊ ရပ်/ကျေး NLD ဥက္ကဋ္ဌ ဦးမင်းသိန်းနိုင်က မဇ္ဈိမကိုပြောသည်။

"ဒီနေ့ သီးခြားအဆောင်ကိုပို့လိုက်တယ်။ အဲဒီအဆောင်က အချုပ်သားတွေ ဆေးရုံတက်တဲ့အဆောင်ပါ။ ဒါကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။"ဟု ခန္တီးမြို့နယ်၊ ရပ်/ကျေး NLD ဥက္ကဋ္ဌ ဦးမင်းသိန်းနိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ခန္တီးရတနာမှော်ဖြစ်သည့် မကျန်ခမှော်တွင် မေလ ၁၇ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဒဏ်ရာရသူများမှာ ခန္တီးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

အဆိုပါလူနာများကို လိုအပ်သည်များကူညီစောင့်ရှောက်ပေးနေသည့် ခန္တီးမြို့မကျောင်းဆရာတော် ဦးကဝိက"ဆေးကုသနေစဉ်မှာ ဒီလိုပြောင်းတယ်ဆိုတော့ သူတို့ကို အရေးယူလိုက်ပြီလားဆိုတာ သံသယရှိလာတယ်။မြို့နယ်ရဲတပ်ဖွဲ့ကတော့ ဘာမှမပြောသေးဘူး။"ဟု မိန့်ကြားသည်။

ခန္တီးပြည်သူ့ဆေးရုံ အနီးပတ်ဝန်းကျင်တွင် အရပ်ဝတ်များဖြင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ချို့ကဆိုသည်။

အဆိုပါ ပဋိမက္ခတွင် သေဆုံးခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးကို မေလ ၁၈ ရက်က သြင်္ဂိုလ်ခဲ့ပြီး လက်ရှိအနေအထားတွင် ၎င်းမှော်၌ အနည်းငယ်ငြိမ်နေသည်ဟုလည်း ခန္တီးမြို့နယ်၊ရပ်/ကျေး NLD ဥက္ကဋ္ဌ ဦးမင်းသိန်းနိုင်က ပြောသည်။

ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးလှတင့်က "သူတို့ လုံခြုံရေးအတွက် ရွှေ့ပြောင်းထားတာပါ။ အရေးယူခြင်းမယူခြင်းကတော့ မပြောနိုင်သေးပါဘူး။ လက်ရှိကတော့ ဆေးရုံပတ်ဝန်ကျင်မှ ကျွန်တော်တို့လုံခြုံရေးယူထားပါတယ်။"ဟု မဇ္ဈိမကိုပြောသည်။

ဆက်လက်၍ ဒုရဲမှူးလှတင့်က နန်စီပွန်မှော်နှင့် မကျန်ခမှော်တို့မှ ရေမဆေးကျောက်ရှာဖွေသူတို့ နေရပ်သို့စတင်ပြန်နေကြပြီဟုလည်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly