ကွယ်လွန်သူ ခရစ္စကော်နယ်အား နာမည်ကျော်အနုပညာရှင်များက ရည်စူးဂုဏ်ပြု

ကွယ်လွန်သူ ခရစ္စကော်နယ်အား နာမည်ကျော်အနုပညာရှင်များက ရည်စူးဂုဏ်ပြု

Soundgarden ရော့ခ်ဂီတအဖွဲ့မှ ရှေ့ထွက်အဆိုတော် ခရစ္စကော်နယ်၏ မိမိကိုယ်ကိုအဆုံးစီရင်မှု ပြီးနောက် တွင် ရော့ခ်နှင့် ပေါ့ပ်ဂီတနယ်ပယ်မှ နာမည်ကျော် အနုပညာရှင်များက သူ့ကို ရည်စူးဂုဏ်ပြုခဲ့ကြသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဒဲ့ထရိုက်၌ ရှိုးပွဲဖျော်ဖြေတင်ဆက်မှုအပြီးတွင် အသက် ၅၂ နှစ်အရွယ်ရှိ ကော်နယ်ကို သူ၏ ဟော်တယ်အခန်းအတွင်း၌ သေဆုံးလျက်ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ကော်နယ်သည် ကြိုးဆွဲချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

အဆိုတော်အဲလစ်ကူးပါးက ကော်နယ်သည် ရော့ခ်အဲန်ရိုးလ် ဂီတတွင် အသံအကောင်းဆုံး သူတစ်ဦးဖြစ်သည် ဟု ပြောကြားခဲ့ပြီး ဆာအယ်လ်တွန်ဂျွန်ကလည်း ကော်နယ်သည် ကြီးကျယ်ခမ်းနားသော အဆိုတော်၊ တေးရေး ဆရာနှင့် ချစ်စရာအကောင်းဆုံး သူတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နာမည်ကျော် Led Zeppelin အဖွဲ့မှ ဂစ်တာသမားဂျင်မီပေ့ချ်ကလည်း တွစ်တာ၌ “ ငြိမ်းချမ်းစွာ အိပ်စက်အနား ယူနိုင်ပါစေ ခရစ္စကော်နယ်ရေ။ မင်းဟာ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်တစ်ဦးပါ” ဟု ရေးသား ခဲ့သည်။

အခြားနာမည်ကျော် ဂီတသမားများဖြစ်ကြသည့် နိုင်းလ်ရော်ဂျာ၊ Aerosmith အဖွဲ့မှ ဂစ်တာသမား ဂျိုးပယ်ရီ၊ တေးရေးဆရာနှင့် အဆိုတော်ဖြစ်သူ ဂျွန်မေယာ နှင့် အခြားအနုပညာရှင်များကလည်း ခရစ္စကော်နယ်အား ရည်စူးဂုဏ်ပြုခဲ့ကြသည်။

ခရစ္စကော်နယ်သည် Soundgarden နှင့် Audioslave ဂီတအဖွဲ့တို့၏ ရှေ့ထွက်အဆိုတော်နှင့် တေးရေးဆရာ တစ်ဦးဖြစ်သည်။ သူ၏ လူသိများသော သီချင်းမှာ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့သော Black Hole Sun အမည်ရှိ သီချင်းဖြစ်သည်။

Soundgarden အဖွဲ့သည် လာမည့်စနေနေ့၌ စိန့်လူးဝစ်တွင် ကျင်းပမည့် Pointfest ရော့်ခ်ဂီတပွဲတော်တွင် ဦးဆောင်ဖျော်ဖြေရမည် ဖြစ်သော်လည်း ခရစ္စကော်နယ်သေဆုံးမှုကြောင့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly