ကျွန်းလေးတစ်ကျွန်း၊ မီးဘေးသင့် ရွာကလေးတစ်ရွာနှင့် တဖန်ပြန်လည် ရှင်သန်ထမြောက်ခြင်း

ကျွန်းလေးတစ်ကျွန်း၊ မီးဘေးသင့် ရွာကလေးတစ်ရွာနှင့် တဖန်ပြန်လည် ရှင်သန်ထမြောက်ခြင်း
 ကျောက္ကာရွာကို မေ(၈)ရက်တွေ့မြင်ရစဉ်။ ဓာတ်ပုံ- ဇော်နီ
 
 

လွန်ခဲ့သည့် ၂၀၁၆ ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၊ နံနက် ၈ နာရီခန့်အချိန် ….. ကျွန်းကလေးတစ် ကျွန်းပေါ်က ရွာကလေးတစ်ရွာကို မီးဘေးသင့်ခဲ့ဖူးပါသည်။

ထိုရွာကလေး၌ နေထိုင်သူအများစုမှာ ကျွန်းနှင့် ပင်လယ်ကမ်းခြေအစပ်တွင် အိမ်များဆောက်ကာ နေထိုင်ကြပြီး ရေပေါ်တွင် ဆောက်နေကြသဖြင့် ယခုလို မီးဘေးကျရောက်နိုင်သည့်အခြေအနေကို ကြိုတင်တွေးထင်ထားနိုင်ခဲ့ခြင်း မရှိခဲ့ကြချေ။

သို့သော် မီးဘေးသင့်ကပ်ဆိုးသည် နေရာမရွေး၊ အချိန်မရွေး ဖြစ်နိုင်သည်ဆိုသည့် အခြေအနေကိုမူ လက်တွေ့ကြုံခဲ့ရပြီဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ခြေ ၂၉၄ လုံး၊ အိမ်ထောင်စု ၄၁၅ စု ၊မီးဘေး သင့်သူဦးရေ ၁၅၆၄ ဦးထိရှိခဲ့ပြီး ပျက်စီးထိခိုက်မှုများဖြင့် သောကဝေခဲ့ရသည့် ရွာကလေးဟုဆိုရပါမည်။

အလှူရှင်မောင်နှမများစုပေါင်းလှူဒါန်းသည့် ကျေးရွာပတ်လမ်းဖွင့်ပွဲ(ဓာတ်ပုံ-ဇော်နီ)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းတွင် ကျွန်းကိုမှီခို၍ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေသည့် ကျောက္ကာကျေးရွာအတွက် မီးဘေးသင့်အခြေအနေမှာ ဆိုးပင်ဆိုးခဲ့သော်လည်း ထင် မှတ်မထားသည့် ဖြေသိမ့်စရာ အခြေအနေတစ်ခုကရွာကလေးကို ကယ်ဆယ်လိုက်သည်ဟုဆိုနိုင်သည်။

ဆက်သွယ်ရေးကောင်းမွန်လာသည့် ခေတ်စနစ်ကြောင့် ဖေ့စ်ဘွတ်အင်တာနက်လူမှုကွန်ရက်ကျေးဇူးကြောင့် တစ်နိုင်ငံလုံးရှိ ပရဟိတအဖွ့ဲဝင်များက အလှူအတန်းများလာရောက် ပေးကမ်းလှူဒါန်းခဲ့သည့် အခြေ အနေကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်ဟု ကျောက္ကာရွာကလေး၏ လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် လွင်ဦးကပြောပြသည်။

“ရွာမီးလောင်တယ်ဆိုတဲ့သတင်းကို တင်လိုက်တော့ တစ်နိုင်ငံလုံးက ပရဟိတအဖွဲ့တွေအား တက်သရောလာလှူကြတယ်။ ဒုက္ခရောက်နေပြီလို့ ထင်မိတဲ့ စိတ်ပူပန်မှုက အင်တာနက်ကြီးကျေးဇူးကြောင့် တဝက်တော့သက်သာရာရခဲ့တာပေါ့”ဟု ၎င်းကဆိုသည်။

ထို့အပြင် မီးလောင်ပြီး တစ်ပတ်အတွင်း နိုင်ငံတော်မှ မီးဘေးသင့်ပြုပြင် စာရိတ်အဖြစ် ငွေကျပ်သိန်း ၇၀၀ ချထားပေးလိုက်သည့်အတွက် ကျေးရွာတွင်း တံတားများ ပြန်လည်ဆောက်လုပ်နိုင်ခဲ့ပြီး တံတား (၅)စင်း အမြန်ပြီးစီးခဲ့သည်ဟုဆိုသည်။ပြီးလျှင် ပရဟိတအလှူရှင်များကြောင့် မိသားတစ်စုလျှင် ငွေကျပ် သိန်း(၄၀)ခန့် လည်းရကြသည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

မီးဘေးသင့်ခံခဲ့ရပြီးနောက်ပိုင်း ယခင်က ကျောက္ကာကျေးရွာအခြေအနေနှင့် လက်ရှိ ၂၀၁၇ မေလသို့ ရောက်ရှိသည့် အချိန်၌မူ များစွာကွာခြားသွားသည့် အဆင့်မြင့်ရွာကလေးတစ်ရွာ   ဖြစ်လာနေပြီဟု ကျောက္ကာ ဒေသခံ တစ်ဦးကဆိုသည်။

လမ်းအလှူရှင်၏ ပိုက်ဆံစွန့်ကြဲမှုကို ရွာသူရွာသားများပျော်ရွှင်စွာကောက်ယူခဲ့ကြသည်။(ဓာတ်ပုံ-ဇော်နီ)

“အရင်ကနဲ့ တစ်ခြားစီပဲဗျ။ အရင်ကပျဉ်ထောင်အိမ်လေးတွေကနေ အခုကတော့ တိုက်အိမ် တွေဖြစ်ကုန်တာပေါ့။ မြင်တဲ့အတိုင်းပဲ သွပ်မိုးနဲ့ ဘာနဲ့” ဟု ၎င်းက သူ့ရွာကလေး ပြန်လည်စည်ပင်လာသည့် အခြေအနေအပေါ် ဝင့်ကြွားစွာပြောလာခဲ့သည်။

မှန်တော့လည်း မှန်ပါသည်။ ယခင်က ကျောက္ကာရွာကလေးအခြေအနေကို မသိပင် မသိ ညားသော်လည်း လက်ရှိ ရွာကလေးအခြေအနေမှာ အင်မတန်လှပသည့် ကျွန်းပေါ်က တောရန်ကုန်လေးကို ရောက်ရှိ နေရသကဲ့သို့ပင်။

ပြီးခဲ့သည့် မေ ၈ ရက်က ကျေးရွာဒေသခံ ညီအစ်ကိုမောင်နှမ (၈) ဦးမှ သိန်း ၁ ထောင် ကျော် အကုန် ကျခံ၍ ကျေးရွာပတ်ကွန်ကရစ်လမ်းကို ဖောက်လုပ် လှူဒါန်းခဲ့သည့်အတွက် ရွာကလေး၏ အလှ သည် ပိုမို ကျက်သရေ တိုးခဲ့ရသည့်အနေအထားဖြစ်သည်။

အမှန်တကယ်လိုအပ်နေသည့် လိုအပ်ချက်ကို ကိုယ့်အားကိုယ်ကိုး၍ ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင် ခဲ့ကြသည်ကိုတော့ ချီးမွမ်းရမည်အမှန်ပင်။

အလှူရှင်၏ လှူဒါန်းမှုဒါနကို အားအင်ဖြည့်စွမ်းသည့်အနေဖြင့် လမ်းခင်းသည့် အလုပ်(လုပ်အား)ကို ကျေး ရွာသူ၊ကျေးရွာသားများက စုပေါင်း၍ အားတက်သရော ကူညီရိုင်းပင်းခဲ့ကြသည့် ချစ်စရာဓလေ့သည်လည်း ထပ် ဆင့်ချီးကျူးရမည့်အနေအထားဖြစ်တော့သည်။

“အလှူရှင်က ငွေအားနဲ့လှူတယ်။ ကျွန်မတို့က လုပ်အားနဲ့ ကိုယ်နိုင်သလောက်ကူညီ ရတာ ပေါ့။ဒါမှ ကိုယ့်ရွာ ကိုယ့်ဒေသက ပိုပြီး ဆွေမျိုးရင်းချာ ဖြစ်လာမှာ” ဟု ကျောက္ကာရွာသူတစ်ဦးက ပွင့်လင်းရိုးသားစွာပြောဆိုသည်။

ယခုဆိုလျှင် တောရန်ကုန်ဟုတင်စားရသည့်အတိုင်း တောရန်ကုန်ကျောက္ကာရွာလယ်လမ်းမသည် ကွန် ကရစ်လမ်းမဖြစ်ခဲ့ပြီး မီးလောင်ပြီးနောက်ပိုင်း ခမ်းနားကြီးကျယ်သည့် လမ်းမဖွင့်ပွဲကြီးကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်လေသည်။

ရေလုပ်ငန်းဖြင့် အသက်မွေးနေသည့် ကျောက္ကာရွာကလေး မီးလောင်ပြီး (၂) နှစ်ခန့်အကြာတွင် အသစ်တဖန်လျင်လျင်မြန်မြန်ပြန်လည်နိုးထလာနိုင်ပြီဟု ဆိုချင်ပါသည်။

ရေလုပ်ငန်းနှင့် အသက်မွေးကြသည့် ကျောက္ကာရွာ၊ ရာဇဂြိုလ်ရွာနှင့်သကျက်ကမ်းရွာ ရွာသုံးရွာပေါင်း မျောပိုက်လုပ်ငန်းလုပ်ကိုင်သူ ၅၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

မျောပိုက်လုပ်ငန်းဆိုသည်မှာ ဒီရေ အတက်၊အကျအပေါ်မှာမူတည်ပြီး ပိုက်ချ၊ ပိုက်ဆွဲ၍ ငါး၊ ပုဇွန် ဖမ်းဆီးကြခြင်းပင်ဖြစ်သည်။ သတ်မှတ် ငါးဖမ်းပိုက်ကွက်များကို ရေအောက် ကြမ်းပြင်ထိ နှစ်၍ နာရီဝက်ခန့် ချထားပြီး (စိမ်ထားပြီး) ရေအောက်ကြမ်းပြင်ကို ကပ်ဆွဲကြရကြောင်း ၎င်းကရှင်းပြသည်။

ထို့သို့ ဖမ်းဆီးရမိသည့် ငါး၊ပုဇွန်များကို ရေခဲရိုက်ထားပြီး လာရောက်ဝယ်ယူသည့် အဝယ်ဒိုင်များ ၎င်း တို့ ရွာတွင် လာရောက်ဖွင့်ထားသည့်အတွက် ရောင်းချရေးအတွက်လည်း အဆင်ပြေသည့် စနစ်တစ်ခု အဖြစ် တွေ့ရသည်။

ကျေးရွာပတ်လမ်းကို မေ(၈)ရက်က ဖွင့်လှစ်ခဲ့စဉ်

မျောပိုက်လုပ်ငန်းအပြင် ကင်းမွန်လုပ်ငန်း၊ ပုဇွန်ပိုက်လုပ်ငန်းများ ၂၀ ရာနှုန်းခန့်ရှိပြီး ကျေးရွာ အတွင်း အိမ်ဆိုင်ကုန်စုံရောင်းချသူအနေဖြင့် ၁၀ ရာနှုန်းခန့်သာရှိနေသည့် ရေလုပ်ငန်းဖြင့် အသက်မွေး၍ စီးပွား ရေးပြေ လည်မှုရရှိကာ ကျွန်းပေါ်တွင် နေပျော်နေသည့် ရွာကလေးအဖြစ် ဆက်လက်မြင်တွေ့ရသည့်အနေအထား ပင် ဖြစ်သည်။

ဟန်ချက်ပျက်မသွားသည့်အပြင် ပို၍ ပို၍ပင် ခိုင်မာကောင်းမွန်အဆင့်မြင့်လာသည့် အိမ်ခြေ ၇၀၀ ခန့်ရှိလာသည့် တံငါရွာကလေး ကျောက္ကာရွာဟု ပြောလျှင်လွန်မည်မထင်ဟု ဆိုရပါမည်။

သို့သော်လည်း သုခနှင့်ဒုက္ခသည့် ဒွန်တွဲနေသည့် သဘော ဆိုရိုးရှိခဲ့သည်။အဘယ့်ကြောင့် ထိုသို့ ဆိုရသော် မျောပိုက်လုပ်ငန်းလုပ်ကိုင်သည့် ရွာကလေးအနီးသို့ ၂၀၀၄ ခုနှစ်ခန့်မှ စတင်ရောက်ရှိလာခဲ့သည့် ကျားပိုက် လုပ်ငန်းကြောင့် ယခင်က ရရှိနေသည့် ငါးဖမ်းကွက် နယ်မြေကျဉ်းမြောင်းလာရသည့်အခြေအနေဟု ဒေသခံ များကဆိုသည်။

ကျားပိုက်ဆိုသည့် လုပ်ငန်းမှာ ရေအောက်ကြမ်းပြင်တွင် ငုတ်ရိုက်ပြီး ပိုက်တန်းကာ ပုဇွန်ဖမ်းသည့် လုပ် ငန်းဖြစ်ပြီး ယင်းလုပ်ငန်းကြောင့် မျောပိုက်လုပ်ငန်းများ ထိခိုက်ရသည့်အတွက်   ပြဿနာတစ်ရပ် တွေ့ကြုံနေရ သည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။

အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ထိခိုက်ရသည့်အခြေအနေကြုံတွေ့နေခဲ့ရပြီး ထိုပြဿနာ၏ အရင်းအမြစ် အဓိကကျသည့် အခြေအနေမှာ ရေလုပ်ငန်းဆိုင်ရာဥပဒေများအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရမည့် အခြေအနေဖြစ်ပြီး ၊ အစိုးရဌာနများအနေဖြင့်လည်း တိကျသည့် အရေးယူမှု၊ ဖမ်းဆီးမှုများ ဆောင်ရွက်ကြရမည်ပင်ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အကြိမ်ကြိမ်တင်ပြထားပြီးသော်လည်း ထူးခြားသည့်ဆောင်ရွက်ချက်မျိုး မရသေးကြောင်း ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းတွေ့ကြုံ ခံစားနေရသည့် အခြေအနေကို ပြောပြသည်။

လက်ရှိအခြေအနေသည် ရေလုပ်ငန်းဖြင့် အသက်မွေးသူများအတွက် ပြဿနာအဖြစ် ရှိနေသည့်အနေအထားကို တွေ့မြင်ရခြင်းပင်ဖြစ်ပါသည် ။မျောပိုက်လုပ်ငန်း အဆင်မပြေဖြစ်ရခြင်း၊ ကျားပိုက်လုပ်ငန်းများ ပေါများလာခြင်း အခြေအနများသည် အဓိကမဟုတ်ဘဲ ရေလုပ်ငန်းလုပ်ကိုင်နေသူ ကျွန်းသူကျွန်းသားများအတွက် ဖြေရှင်းမှုတစ်စုံတစ်ရာ ထိထိရောက်ရောက်ရှိလာရန် လိုအပ်လျက်ရှိ နေသည့် အခြေအနဟု သုံးသပ်ရပါမည်။

သို့မှသာ မိရိုးဖလာလုပ်ငန်းများပျောက်ကွယ်မသွားပဲ စနစ်ကျကျ၊ အဆင့်မြင့်မြင့်ဖြင့် မိမိတို့အရပ်၊ မိမိတို့ဒေသ၏ သာယာငြိမ်းချမ်းမှုများကို ခံစား၊ စံစားပြီး နေပျော်သော နိုင်ငံသူ၊ နိုင်ငံသား၊ ကျွန်းသူ၊ ကျွန်းသားများအဖြစ် အပြုံးပန်းများဆင်လျက် လုပ်ကိုင်ရှာဖွေစားသောက်နိုင်ကြရမည့် အခြေခံသဘောကြောင့်ဟုဆိုချင်ပါသည်။

ကျောက္ကာရွာကလေး၊ နိုင်ငံတော်၏ ချစ်စရာလှပသာယာသောကျွန်းပေါ်ရွာကလေး ယခု ထက်မက ထပ်မံတိုးတက်ပါစေကြောင်း ဆုတောင်းပေးရင်း …. ကျွန်းကလေးတွေဆီက အခြားအခြားသော ရွာများအနေဖြင့်လည်း အပူအပင်ကင်း၍ အေးချမ်းပျော်ရွှင်စရာကောင်းသည့် ကျွန်းပေါ်ရွာကလေးများ ဖြစ်ကြစေ ရန်အတွက် ဆန္ဒပြုလိုက်ရပါတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly