ဘူးသီးတောင်တွင် ရာအိမ်မှူးကို သတ်ဖြတ်ကာ ဆယ်အိမ်မှူးကို ပြန်ပေးဆွဲသွား

ဘူးသီးတောင်တွင် ရာအိမ်မှူးကို သတ်ဖြတ်ကာ ဆယ်အိမ်မှူးကို ပြန်ပေးဆွဲသွား

ဘူးသီးတောင်၊ မေ ၁၉ ။           ။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ အကြမ်းဖက်မှုများဖြစ်ပွားလျှက်ရှိသည့် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စု ပုဇွန်ချောင်းကျေးရွာတွင် ယနေ့ မေလ ၁၉ရက်၊ နံနက် ၃ နာရီအချိန်ခန့်က ရာအိမ်မှူးကို လည်လှီးသတ်ဖြတ်ကာ ဆယ်အိမ်မှူးကို ပြန်ပေးဆွဲခေါ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လက်လုပ်မိုင်းများ ပေါက်ကွဲသည့်အတွက် ကိစ္စနှင့်ဆက်စပ်မှုများ ရှိနေကြောင်းသိရကာ သတ်ဖြတ်ခံလိုက်ရသည့် ရာအိမ်မှူးမှာ မူဇီဇူလာမှန် (ဘ) ကာဒီဟူဆောင်း ဖြစ်ကာ ဆယ်အိမ်မှူးမှာ နုရ်ဇီလန် (ဘ) ဆူဒင်အာမတ် တို့ဖြစ်ကြောင်း သိရသည်။

“လူသတ်မှုဖြစ်တာတော့ မှန်ပါတယ်။ ဘယ်သူတွေသတ်ဖြတ် သွားတယ်ဆိုတာကို ကျွန်တော်တို့ မသိရသေးဘူး။ တောင်ဘဇာနယ်ခြားစောင့်နယ်မြေထဲမှာ ဖြစ်တဲ့အတွက် သူတို့ကပဲ   ပြောပြနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြောခွင့်မရှိဘူး”ဟု ဘူးသီးတောင်မြို့မ ရဲစခန်းမှ တာဝန်ကျသူက ပြောသည်။

ယနေ့ မေလ ၁၉ ရက်၊ နံနက် ၃ နာရီအချိန်ခန့်တွင် သေနတ်ကိုင်ဆောင်ထားသူ ငါးဦးနှင့် တုတ်၊ ဓါးများ ကိုင်ဆောင်ထားသူ စုစုပေါင်း ၃၀ ဦးခန့်တို့မှာ ကျေးရွာအတွင်းဝင်ရောက်လာပြီး မူဇီဇူလာမှန်နေအိမ်နှင့် နုရ်ဇီလန်တို့ နေအိမ်အား ဝင်ရောက်စီးနင်းကာ ရာအိမ်မှူးကို နေအိမ်တွင်ခေါင်းဖြတ်သတ်ဖြတ်ပြီး ဆယ်အိမ်မှူးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်ကာ ဖော်ထုတ်စစ်ဆေးမှုများဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly