မန်ယူတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဟာရဲရားရရှိ

မန်ယူတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဟာရဲရားရရှိ

မေ ၁၉၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စပိန်ကွင်းလယ်လူ အန်ဒါ ဟာရဲရားက ရရှိ သွားသည်။

ဟာရဲရားသည် ပရိသတ်များ၏ မဲပေးရွေးချယ်မှုအရ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး အီဘရာဟီမိုဗစ် (၂၈ ဂိုး) နှင့် နောက်ခံလူ ဗလင်စီယာတို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆာမတ်ဘက်စ်ဘီဟုအမည်ရသည့် ယင်းဆုကို ဟာရဲရားရရှိခြင်းမှာ စပိန်ကစားသမားများဆက်လက်လွှမ်းမိုးထားမှုကို ပြသ နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် ဂိုးသမား ဒီဂီယာက ရရှိထားသည်။

အသက် ၂၇ နှစ်အရွယ်ကစားသမားသည် ၂၀၁၄ တွင် အက်သလက်တစ် ဘီလ်ဘာအိုအသင်းထံမှ ပေါင် ၂၈ သန်းဖြင့် ပြောင်းလာခဲ့ပြီး လူးဝစ်ဗန်ဟားလ်လက်ထက်၌ ပုံမှန်ပွဲထွက်စာရင်းတွင် ဝင်လိုက်၊ ထွက်လိုက်ဖြစ်နေခဲ့သော်လည်း မော်ရင်ဟို လက်ထက်တွင်မူ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။

“ဒီဆုက ကျွန်တော့်အတွက်တော့ အထူးဆုတစ်ဆုဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆုစာရင်းကိုကြည့်လိုက်ရင် ဘယ်လောက်အရေးပါတဲ့ဆုလဲဆိုတာ ခင်ဗျားတွေ့ရမှာဖြစ်ပြီး ဒေးဗစ်ကို ကျွန်တော်ရပ်တန့်နိုင်ခဲ့သလို ဆုကလည်း စပိန်မှာပဲ ဆက်ရှိနေမှာဖြစ်လို့ပါ”ဟု ဟာရဲရားက ပြောသည်။

ကစားသမားများကရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးဆုကို နောက်ခံလူ ဗလင်စီယာကရရှိသွားသည်။ အကောင်းဆုံးဂိုး ဆုကို ဆန်းဒါးလန်းဘက်သို့ နောက်ပြန်ကန်ချက်ဖြင့်သွင်းယူခဲ့သည့် အမ်ခီတာယန်၏ဂိုးကလည်းကောင်း၊ အကောင်းဆုံး လူငယ် ကစားသမားဆုကို အန်ဂျယ် ဂိုမက်စ်ကလည်းကောင်း အရန်ကစားသမားဆုကို တွမ်ဇီဘီကလည်းကောင်း ရရှိခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly