ရွေးကောက်ပွဲတွင် ရုရှစွက်ဖက်သည်ဆိုကာ စစ်ဆေးနေခြင်းက တိုင်းပြည်ကို ခွဲခြမ်းပစ်နေခြင်းဟု ထရမ့်ပြော

ရွေးကောက်ပွဲတွင် ရုရှစွက်ဖက်သည်ဆိုကာ စစ်ဆေးနေခြင်းက တိုင်းပြည်ကို ခွဲခြမ်းပစ်နေခြင်းဟု ထရမ့်ပြော

ဝါရှင်တန်ဒီစီ၊ မေ ၁၉ ။              ။ ပြီးခဲ့သည့်နှစ်က အမေရိကန်၏ ရွေးကောက်ပွဲတွင် ရုရှနှင့် ချိတ်ဆက်ပတ်သက်သည်ဆိုကာ စုံစမ်းစစ်ဆေးနေခြင်းသည် နိုင်ငံအား ခွဲခြမ်းပစ်နေခြင်းဖြစ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်သည်။

ရွေးကောက်ပွဲ၌ ရုရှ၏ ခြေထိုးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အာဏာပြည့်အထူးအဖွဲ့အား တရားရေးဌာနက ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ၌ “ခုစုံစမ်းစစ်ဆေးမှုတွေကို ကျွန်တော် လေးစားပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု တစ်ခုလုံးဟာ မလိုလားသူကို သုတ်သင်ရှင်းလင်းဖို့ လုပ်ဆောင်နေတာပဲဖြစ်တယ်။”ဟု ထရမ့်က ဖြေဆိုခဲ့သည်။

“ကျွန်တော်တော့ ထင်နေတယ်။ ဒါက နိုင်ငံကို ခွဲပစ်နေတာပဲလို့ပါ။”ဟု အလည်အပတ်ရောက်ရှိသော ကိုလံဘီယာသမ္မတ ဂျူအန်ဆန်တို့စ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ပြောသည်။

“ကျွန်တော်နဲ့ ကျွန်တော် မဲဆွယ်အဖွဲ့မှာ လျှို့ဝှက်လိမ်လည်မှု မရှိဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်ကိုနဲ့ ရုရှဖက်အတွက်လည်း အမြဲပဲ ပြောနိုင်တယ်။ ရွေးကောက်ပွဲမှာ ခြေထိုးမှုမျိုး မရှိခဲ့ဘူးဆိုတာပဲ။”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ရီပတ်ဘရီကန်များ အသာစီးရရေးအတွက် ရုရှသမ္မတ ဗလာဒီမာပူတင်က ဦးဆောင်စေခိုင်းကာ ရွေးကောက်ပွဲ၌ ခြေထိုးမှုများ လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးက သံသယရှိထားသည်။

FBI အကြီးအကဲ ဂျိမ်းကိုမီကို ရာထူးက ထုတ်ပစ်ခဲ့သည့် ဒေါ်နယ်ထရမ့်က အဆိုပါ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်သွားအောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲမှုများ ရှိနေစဉ် တရားရေးဌာနက FBI အကြီးအကဲဟောင်း ရောဘတ်မူလာကို အဆိုပါကိစ္စရပ် စုံစမ်းစစ်ဆေးမှုအား ဦးစီးရန် မေ ၁၇ ရက်က ခန့့်အပ်လိုက်ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags