KNPP က NCA လမ်းကြောင်းဖြင့် ဆက်သွားရန် UNFC နှင့် ဆက်လက် ညှိနှိုင်းဆုံးဖြတ်မည်

KNPP က NCA လမ်းကြောင်းဖြင့် ဆက်သွားရန် UNFC နှင့် ဆက်လက် ညှိနှိုင်းဆုံးဖြတ်မည်

မေလ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                 ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလမ်းကြောင်းမှ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဆက်လက် ညှိနှိုင်းဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

အစိုးရနှင့် ဆွေးနွေးမှုကို ဆက်လက် ဆောင်ရွက်ရန်အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ညှိနှိုင်း ဆုံးဖြတ်သွားရန် မေလ ၁၇ ရက်နှင့် ၁၈ ရက်က ထိုင်း-မြန်မာနယ်စပ် KNPP ဌာနချုပ်တွင် ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်လိုက်သည်။

“လက်ရှိ တွေ့ဆုံဆွေးနွေးရေးအဆင်ဆင့်အား ဆက်လက် ဆောင်ရွက်သွားနိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသား ဘဝတူတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ တိုင်ပင်ညှိနှိုင်းဆုံးဖြတ်သွားမည် ဖြစ်ကြောင်း “ မေလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီနေ့က အန်စီအေ လမ်းကြောင်းကနေသွားဖို့ ကေအန်ပီပီက ဆုံးဖြတ်ချက်ချတာရှိသလို၊ ယူအန်အက်ဖ်စီနဲ့တခါ ဆုံးဖြတ်ချက် အရသွားကြမယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်း ဆုံးဖြတ်သလို၊ အများနဲ့လည်း ပေါင်းပြီးတော့ ဆုံးဖြတ်သွားမှာလေ။ UNFC မှာ ဘယ်နှစ် ဖွဲဘဲ ရှိရှိ ကျွန်တော်တို့က ဆက်သွားမှာပဲ”ဟု KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

ပါတီ၏ ကွန်ကရက် ကျင်းပပြီးနောက် ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပခဲ့ပြီး ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီတွင် ဥက္ကဋ္ဌ ခွန်းအေဘယ်တွဒ်၊ ဒုဥက္ကဋ္ဌ ခူဦးရယ်၊ အထွေထွေအတွင်းရေးမှူး ရွေးမျိုးသန့်၊ အတွင်းရေးမှူး (၁) ခူပလူးရယ်၊ အတွင်းရေးမှူး (၂) ခူဒယ်နီယာယ်တို့ဖြစ်ပြီး ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၅ ဦးသည် ဗိုလ်ချုပ် ဘီထူး၊ ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ခူထဲဘူး၊ မန်းစောတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မေလ ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပသော KNPP (၁၃) ကြိမ်မြောက် ကွန်ကရက်တွင် ပါတီ အမြဲတမ်းကော်မတီဝင် ၃ ဦး၊ ဗဟိုကော်မတီဝင် ၁၇ ဦးနှင့် အရံပါတီ ဗဟိုကော်မတီဝင် ၁၂ ဦးတို့ကို ရွေးချယ်တင်မြောက်ခဲ့ပြီး နှစ်ရက်ကြာ ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးမှ ဗဟိုအလုပ်အမှုဆောင်ကော်တီများကို ဆက်လက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရက လာမည့် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့လည်း ဆွေးနွေးတင်ပြနိုင်သော်လည်း ဆုံးဖြတ်ချက်ချခွင့် မရှိသဖြင့် KNPP အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း ဗိုလ်ချုပ် ဘီထူးက ပြောသည်။

“ကျွန်တော်တို့က အန်စီအေ လမ်းကြောင်းနဲ့ သွားမှာ အစိုးရကလည်း ၂၁ ရာစုပင်လုံ ညီလာခံတက်ဖို့ သူတို့ ကမ်းလှမ်းတယ်။ ပြောလို့ရတယ်။ ဆိုလို့ရတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချလို့ မရဘူး။ အထူးဧည့်အနေနဲ့ တက်ဖို့ ဖိတ်တယ်။ ဆိုတော့ ပြောရေးဆိုခွင့် မရှိဘူးဆိုတော့ ဘာဖြစ်လို့တက်မှာလဲ။ မတက်ဘူးလေ”ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရဘက်မှ NCA လမ်းကြောင်းဖြင့် သွားရန် ကတိကဝတ် လက်မှတ်ရေးထိုး၍ ညီလာခံ တက်ရောက်ရန်နှင့် လက်မှတ်ရေးထိုးပြီးနောက် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN)သည် အစိုးရထံ တင်ပြထားသော အချက် ၈ ချက် သဘောတူ လက်ခံပါက NCA လက်မှတ်ထိုးမည် ဖြစ်ကြောင်း   ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly