တစ်နိုင်ငံလုံးတွင် ဆရာဝန်အင်အား ၁၇၀၀ ထပ်မံခန့်ထားရန် အစိုးရအဖွဲ့သို့ စာတင်ထား

တစ်နိုင်ငံလုံးတွင် ဆရာဝန်အင်အား ၁၇၀၀ ထပ်မံခန့်ထားရန် အစိုးရအဖွဲ့သို့ စာတင်ထား

နေပြည်တော် ၊ မေ၁၈ ။             ။ တစ်နိုင်ငံလုံးတွင် ဆရာဝန်အင်အား ၁၇၀၀ ထပ်မံခန့်ထားရန် အစိုးရအဖွဲ့သို့ စာတင်ထားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမြင့်ထွေးက မေလ ၁၈ ရက်တွင် ပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကု-မကျည်းတိုက်နယ်၊ စကုကျွန်း မြို့နယ် ကုသရေး ဦးစီးဌာန လက်အောက်ရှိ စကုတိုက်နယ်ဆေးရုံတွင် လစ်လျပ်လျက်ရှိသော ဆရာဝန်နေရာ တွင် အမြဲတမ်း တာဝန်ထမ်းဆောင်ရန် ဆရာဝန်တစ်ဦး အမြန်ဆုံးခန့်ထားပေးရန် အစီစဉ် ရှိမရှိ မေးမြန်းခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဆရာဝန်များ ၁၇၀၀ ခန့်ဖို့အတွက်ကို အဆင့်ဆင့်လုပ်တဲ့အခါမှာ နောက်ဆုံးအဆင့် အစိုးရအဖွဲ့ကို ရောက်နေပါပြီ။ ဒီလ ၁၂ရက်နေ့က တင်ထားပါတယ်။ ဒါကျမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဆရာဝန် ၁၇၀၀ ထပ်ခန့်ဖို့ ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေးမြန်းမှုအပေါ် ဖြေဆိုခဲ့သည်။

အဆိုပါ မေးခွန်းမေးမြန်းသော ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ်၏ ရခိုင်ပြည်နယ် အတွင်းတွင် တိုက်နယ်ဆေးရုံ ၄၇ ရုံရှိသည့် အနက် ဆေးရုံ ၁၅ ရုံတွင် အလှည့်ကျ ဆရာဝန် များဖြင့်သာ တာဝန် ပေးအပ်ထားနိုင်ကြောင်း ပြောသည်။

ထိုသို့သော လစ်လပ်မှုများ ရှိနေသည့်နေရာများ အတွက် ကြားထိုးဆရာဝန်များကို ရခိုင်ပြည်နယ် ဆေးရုံကြီးများမှ ၎င်းကဲ့သို့ နေရာများကို သုံးလတစ်ကြိမ် တာဝန် ထမ်းဆောင်နေသည်ကို   တွေ့နေရသည်ဟုဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလိုဖြစ်တဲ့အတွက်ကြောင့် ကြားထိုးဆရာဝန်ကို ရခိုင်ပြည်နယ် ဆေးရုံကြီးတွေကနေပြီးတော့ သုံးလတစ်ကြိမ် စေလွှတ်ပြီး တာဝန်ထမ်းဆောင်တယ်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့က ဆရာဝန်ပြတ်လပ်မှုကို လုံးဝလက်မခံပါဘူး။ ဆရာဝန်တစ်ဦးအနေနဲ့လည်း ကျင့်ဝတ်နဲ့မညီပါဘူး”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင်း ခက်ခဲသော ဒေသများသို့ ဆရာဝန်များကို တာဝန်ပေးအပ် စေလွှတ်ရာတွင် အချို့သည် မသွားရောက်ဘဲနှင့် အလုပ်ထွက်သွားသည်မျိုးလည်း ရှိသည့် အတွက် အဆိုပါ ကိစ္စများအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောခဲ့သည်။

“ကျွန်တော်တို့ ဘာသွားတွေ့ရလည်းဆိုတော့ ခက်ခဲတဲ့ဒေသတွေမှာ ဆရာဝန်တွေကို တာဝန်ချလိုက်တဲ့အခါမှာ သူတို့ကမသွားပဲနဲ့ အလုပ်ထွက်သွားတာမျိုးလည်းရှိပါတယ်။ ဒီကိစ္စတွေကို ကျွန်တော်တို့ ပျောက်ဖို့ဆိုရင် ကျွန်တေ်ာတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆရာဝန်နေဖို့အိမ် ဆောက်လုပ်ပေးမယ်။ ကျွန်တော်တို့ တစ်နှစ်ထမ်းဆောင်ဆို တစ်နှစ်အတိအကျ တစ်နှစ်ပြီးရင် ချက်ချင်းပြန်ခေါ်ပါတယ်”ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

ထိုကဲ့သို့သော ခက်ခဲသော ဒေသများတွင် တာဝန်တစ်နှစ်ထမ်းဆောင်ပြီး၍ ပြန်လာသော ဆရာဝန်များကို ၎င်းတို့ တောင်းဆိုရာ နေရာဦစားပေးသုံးခုထဲမှ တစ်ခုကို ပြန်လည် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ပေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly